ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၈
နူနာစွဲသောသူ
၁ ကိုယ်တော်သည် တောင်ပေါ်က ဆင်းကြွတော်မူလျှင်၊ များစွာသော လူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။ ၂ ထိုအခါ နူနာစွဲသော သူတစ်ယောက်သည် ညွတ်ပြပ်လျက်၊ သခင် အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေ နိုင်တော်မူသည်၊ ဟုလျှောက်လေ၏။ ၃ ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေ၊ ဟုမိန့်တော်မူလျက် လက်တော်ကိုဆန့်၍၊ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။ [A] ၄ ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ် ထံသို့သွား၍ ကိုယ်ကိုပြလော့။ [B] သူတပါး၌ သက်သေ ဖြစ်စေခြင်းငှာ မောရှေ စီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့၊ ဟုမိန့်တော်မူ၏။
တပ်မှူး၏ငယ်သား [C]
၅ ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတစ်ယောက်သည် အထံတော်သို့လာ၍၊ ၆ သခင်၊ ကျွန်တော်၏ ငယ်သား တစ်ယောက်သည် လက်ခြေသေသည့်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင်တုံးလုံးနေပါသည်၊ ဟုတောင်း ပန်လေ၏။ ၇ ယေရှုကလည်း၊ ငါလာ၍ ချမ်းသာပေးမည်၊ ဟုမိန့်တော်မူလျှင်၊ ၈ တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော် မခံထိုက်ပါ။ အမိန့်တော် တစ်ခွန်းရှိလျှင် ကျွန်တော်၏ ငယ်သားသည် ချမ်းသာရပါလိမ့်မည်။ ၉ ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ ကျွန်ခံသောသူ ဖြစ်သော်လည်း၊ စစ်သူရဲများကို အုပ်စိုး၍၊ တစ်ဦးကို သွားချေ၊ ဟုဆိုလျှင် သွားပါ၏။ တစ်ဦးကို လာခဲ့၊ ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့၊ ဟုဆိုလျှင် လုပ်ပါ၏၊ ဟုတပ်မှူးလျှောက်လေ၏။ ၁၀ ထိုစကားကို ယေရှုသည် ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလ အမျိုး၌ပင် ငါမတွေ့ဖူးသေး။ ၁၁ ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှ လာ၍၊ ကောင်းကင် နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့။ [D] ၁၂ နိုင်ငံတော်သား တို့သည်လည်း ငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့ဟု [E] နောက်တော်သို့ လိုက်သော သူတို့အား မိန့်တော်မူပြီးမှ၊ ၁၃ တပ်မှူးအား သင်သွားလော့၊ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေ၊ ဟုမိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
ပေတရု၏ယောက္ခမ
၁၄ ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍၊ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေသည်ကို တွေ့မြင်တော်မူ၏။ ၁၅ ထိုမိန်းမ၏ လက်ကိုတို့ တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့်ထ၍ ဧည့်သည်ဝတ်ကို ပြုလေ ၏။ [F]
အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်
၁၆ ညဦးယံ၌ နတ်ဆိုးစွဲသောသူ အများတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊ နှုတ်တော် မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူ ရှိသမျှတို့ကို သက်သာစေတော်မူ၏။ ၁၇ ထိုအကြောင်းအရာမူကား၊ သူသည်အကျွန်ုပ်တို့ အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်၊ ဟုပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။ [G] ၁၈ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်းတဖက်သို့ ကူးမည်အကြောင်း အမိန့်တော်ရှိ၏။
လူသားမူကား ခေါင်းချရာမျှမရှိ
၁၉ ထိုအခါ ကျမ်းပြုဆရာ တစ်ယောက်သည် လာ၍ ဆရာ၊
(a) ကိုယ်တော် ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ် လိုက်ပါမည်၊ ဟုလျှောက်လေ၏။
၂၀ ယေရှုကလည်း၊ မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှမရှိ၊ ဟုမိန့်တော်မူ၏။
လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုလ်
၂၁ အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုလ်ရသော အခွင့်ကို ပေးတော်မူပါ၊ ဟုလျှောက်လေ၏။
၂၂ ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုလ်ပါလေစေ၊
(b) ဟုမိန့်တော်မူ၏။
လှိုင်းတံပိုးငြိမ်းစေ
၂၃ ထိုအခါ လှေထဲသို့ ဝင်တော်မူ၍၊ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုး ပြင်းစွာထ၍ လှေကို လွှမ်းလေ၏။၂၄ ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။ ၂၅ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်တော်မူပါ၊ ဟုလျှောက်ကြသော်၊ ၂၆ ကိုယ်တော်က၊ ယုံကြည် အားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း၊ ဟုမေးတော်မူပြီးလျှင်၊ ထ၍ လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။ ၂၇ ထိုသူတို့ကလည်း၊ ဤသူကား အဘယ်သို့သောသူ ဖြစ်သနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင် ပါသည်တကား၊ ဟုအံ့ဩကြ၏။
သင်္ချိုင်းတစပြင်မှ နတ်ဆိုးစွဲသူ
၂၈ ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ၊ နတ်ဆိုးစွဲသော သူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန် ကြမ်းကြုတ်စွာ ပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြို ပြုပြီးလျှင်၊ ၂၉ ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန်မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှာ ကြွလာတော်မူသလော၊ ဟုအော်ဟစ်၍ လျှောက်ကြ၏။ ၃၀ ထိုသူတို့နှင့် မနီးမဝေးသော အရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။ ၃၁ နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို နှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည်အကြောင်း အခွင့်ပေးတော်မူပါ၊ ဟုတောင်းပန်ကြသော်၊ ၃၂ သွားကြ၊ ဟုမိန့်တော်မူ၏။ နတ်ဆိုးတို့သည်ထွက်၍၊ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည်၊ အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း၍ ရေ၌သေကြ၏။ ၃၃ ၀က်ကျောင်းသော သူတို့သည်လည်းပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသော သူတို့၏ အကြောင်းမှစ၍ ဖြစ်လေသမျှတို့ကို၊ ကြားပြောကြသော်၊ ၃၄ တမြို့လုံးလည်း ယေရှုကို တွေ့အံ့သောငှာ ထွက်လာကြ၏။ ကိုယ်တော်ကို တွေ့မြင်လျှင်၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
_________________________
Footnotes
၁၉ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။
၂၂ (b) ပဌမလူသေသည် ဝိညာဉ်ပိုင်းသေခြင်းဖြစ်၍ ဒုတိယလူသေသည် ခန္ဓာပိုင်းသေခြင်းဖြစ်မည်။