ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂၀
စပျစ်ဥယျာဉ်ရှင်နှင့် အလုပ်သမားများ
၁ ဥပမာကား၊ ကောင်းကင် နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သော သူတို့ ငှားခြင်းငှာ နံနက်စောစော ထွက်သွားသော အိမ်ရှင်နှင့်တူ၏။ ၂ ထိုသူသည် တစ်နေ့လျှင် ဒေနာရိတစ်ပြားစီ ပေးမည်ဟူ၍ လုပ်ဆောင်သော သူတို့နှင့် ဝန်ခံပြီးမှ၊ စပျစ်ဥယျာဉ်သို့ စေလွှတ်လေ၏။ ၃ နံနက် တစ်ချက်တီး အချိန်၌ ထွက်ပြန်လျှင်၊ အခြားသော သူတို့သည် အလုပ်ကို မလုပ်၊ စျေး၌ ရပ်နေသည်ကိုမြင်၍၊ ၄ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြ၊ တော်လျော်စွာ ငါပေးမည်၊ ဟုဆိုလျှင်၊ ထိုသူတို့သည် သွားကြ၏။ ၅ တဖန် နှစ်ချက်တီး အချိန်၊ တဖန် သုံးချက်တီး အချိန်၌ ထွက်၍၊ ရှေ့နည်းအတူ ပြုလေ၏။ ၆ ဆယ်တစ်နာရီ အချိန်၌လည်း ထွက်ပြန်လျှင်၊ အခြားသော သူတို့သည် အလုပ်ကို မလုပ်၊ ရပ်နေသည်ကို တွေ့၍၊ သင်တို့သည် တစ်နေ့လုံး အလုပ်ကို မလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့် နေကြသနည်း၊ ဟုမေးသော်၊ ၇ ထိုသူတို့က၊ ကျွန်တော်တို့ကို အဘယ်သူမျှ မငှားပါ၊ ဟုပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြ၊ တော်လျော်စွာ ရကြလိမ့်မည်၊ ဟုဆိုလေ၏။ ၈ ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က၊ လုပ်ဆောင်သော သူတို့ကို ခေါ်ခဲ့လော့။ နောက်ဝင်သော သူမှစ၍ အရင်အဦး ဝင်သောသူ တိုင်အောင် အခကို ပေးလော့၊ ဟုမိမိစာရေးကို မှာလိုက်လေ၏။ ၉ ထိုကြောင့် ဆယ့်တစ်နာရီ အချိန်၌ ဝင်သော သူတို့သည် လာ၍၊ ဒေနာရိ တစ်ပြားစီ ခံကြ၏။ ၁၀ အရင်ဝင်သော သူတို့သည် လာကြသောအခါ၊ ငါတို့သည် သာ၍ရမည်၊ ဟုစိတ်ထဲမှာ ထင်မှတ်သော်လည်း၊ ဒေနာရိ တစ်ပြားစီ ခံရကြ၏။ ၁၁ ထိုသို့ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင်၍၊ ၁၂ နောက်ဝင်သော သူတို့သည် တစ်နာရီခန့်မျှသာ လုပ်ဆောင်သော်လည်း၊ တစ်နေ့လုံးအမှုဝန်ကို ထမ်းရွက်၍ နေပူဆင်းရဲ ခံရသော အကျွန်ုပ်တို့နှင့် အညီအမျှ ကိုယ်တော် စီရင်ပါပြီတကား၊ ဟုဆိုကြ၏။ ၁၃ အိမ်ရှင်ကလည်း အဆွေ၊ သင်၌ မတရားသော အမှုကို ငါမပြု၊ ဒေနာရိတစ်ပြားကို အမှတ်ပြု၍ သင်သည် ငါနှင့် ဝန်ခံသည် မဟုတ်လော။ ၁၄ သင်၏ ဥစ္စာကိုယူ၍ သွားလော့။ နောက်ဝင်သော သူတို့အား သင်နှင့် အညီအမျှ ပေးခြင်းငှာ ငါအလိုရှိ၏။ ၁၅ ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှ မပြုရာသလော၊ ငါ့သဘော ကောင်း သောကြောင့် သင်သည် မျက်မုန်းကျိုး ရသလော၊ ဟုဆို၏။ ၁၆ ထိုနည်းတူ၊ နောက်ကျသော သူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသော သူတို့သည် နောက်ကျကြလိမ့်မည်။ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက် တော်မူသောသူ နည်းသည်၊ ဟုမိန့်တော်မူ၏။
ယေရှုအသတ်ခံမှာ တတိယအကြိမ်ပြော
၁၇ ယေရှုသည် ယေရုရှလင်မြို့သို့ တက်ကြွတော်မူစဉ်၊ လမ်းခရီး၌ တစ်ကျိပ် နှစ်ပါးသော တပည့်တော်တို့ကို ဆိတ်ကွယ်ရာ အရပ်သို့ ခေါ်၍၊ ၁၈ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြုဆရာတို့ လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည်။ ၁၉ လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှာ၊ တပါးအမျိုးသားတို့ လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်၊ ဟုမိန့်တော်မူ၏။
လက်ဝဲလက်ယာယံလျှောက်
၂၀ ထိုအခါ ဇေဗေဒဲ၏ သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ ချဉ်း၍၊ ပြပ်ဝပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ် ဆုကျေးဇူးကို အလိုရှိသနည်း၊ ဟုမေးတော်မူသော်၊ ၂၁ ကိုယ်တော်၏ နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ရသော အခွင့်ကို ပေးတော်မူပါ၊ ဟုလျှောက်လေ၏။ ၂၂ ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန်သည်ကို သင်တို့ မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှာ၎င်း၊ ငါခံသော ဗတ္တိဇံကို ခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလော၊ ဟုမေးတော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏၊ ဟုလျှောက်ကြသော်၊ ၂၃ ငါ၏ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ သို့သော်လည်း ငါ၏လက်ယာဖက်၊ လက်ဝဲဖက်မှာ ထိုင်ရသော အခွင့်ကိုကား အကြင်သူတို့အဖို့ အလိုငှာ ငါ့ခမည်းတော်သည် ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်၊ ဟုမိန့်တော်မူ၏။ ၂၄ အခြားသော တပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကို နှစ်ယောက်တို့ကို အမျက်ထွက်ကြ၏။ ၂၅ ယေရှုသည် ထိုသူတို့ကို ခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ ၂၆ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ ၂၇ သင်တို့မှုကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကို စေစားခြင်းငှာ မလာ၊ ၂၈ သူတပါး အစေကို ခံခြင်းငှာ၎င်း၊ မိမိအသက်ကို စွန့်၍ လူအများကို ရွေးခြင်းငှာ၎င်း၊ ကြွလာသည် [A] ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူး ပြုလိုသောသူကို သင်တို့အစေခံ ဖြစ်စေ။ သင်တို့တွင် အထွဋ်အမြတ် လုပ်ချင်သော သူကိုလည်း သင်တို့ကျွန် ဖြစ်စေ၊ ဟုမိန့်တော်မူ၏။
လူကန်းနှစ်ယောက်
၂၉ ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများ အပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။ ၃၀ ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာ ထိုင်နေသော လူကန်း နှစ်ယောက်တို့သည် ကြားရလျှင်၊ ဒါဝိဒ်၏ သားတော်အရှင်၊ [B] အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ၊ ဟုဟစ်ကြော်လေ၏။ ၃၁ ထိုသူတို့ကို တိတ်ဆိတ်စွာ နေစေခြင်းငှာ လူအစုအဝေးတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မ သနားတော်မူပါ၊ ဟုသာ၍ ဟစ်ကြော်ကြ၏။ ၃၂ ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကို ခေါ်၍၊ သင်တို့၌ အဘယ်သို့ ပြုစေလိုသနည်း၊ ဟုမေးတော်မူလျှင်၊ ၃၃ သခင်၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါ၊ ဟုလျှောက်ကြသော်၊ ၃၄ ယေရှုသည် သနားခြင်း စိတ်တော်ရှိ၍၊ သူတို့မျက်စိကို လက်နှင့် တို့တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူတို့သည် မျက်စိမြင်၍၊ နောက်တော်သို့ လိုက်ကြ၏။