ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂
အရှေ့ပြည်မှ မာဂုပညာရှိများ
၁ ယုဒပြည် ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီး လက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကို ခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊ ၂ ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို [A] ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီ၊ ဟုမေးမြန်းပြောဆိုကြ၏။ ၃ ထိုစကားကို ကြားလျှင်၊ ဟေရုဒ်မင်းကြီးသည် ယေရုရှလင် မြို့သူမြို့သား အပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ [B] ၄ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာ ရှိသမျှတို့ကို စုဝေးစေ၍၊ ခရစ်တော်ကို အဘယ်အရပ်မှာ ဖွားမြင်လိမ့်မည်နည်း၊ ဟုမေးမြန်းတော်မူ၏။ ၅ ထိုဆရာတို့ကလည်း၊ ပရောဖက်တစ်ဦး ရေးထားသော အချက်ဟူမူကား၊ ၆ အိုယုဒပြည် ဗက်လင်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ် မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတံ့၊ ဟုကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌၊ ခရစ်တော်ကို ဖွားမြင်ရပါမည်၊ ဟုမင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။ [C]
မာဂုပညာရှိများ ဗက်လင်မြို့သို့သွား
၇ ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍၊ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့ မေးမြန်းပြီးမှ၊ ၈ သင်တို့သွား၍ ထိုသူငယ်ကို ကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ ပူဇော်ရအောင် ကြားပြောကြပါ၊ ဟုမှာထားတော်မူလျက်၊ ဗက်လင်မြို့သို့ စေလွှတ်လေ၏။ ၉ ထိုသူတို့သည် မင်းကြီးစကားကို နာခံပြီးလျှင် ထွက်သွားကြ၍၊ အရှေ့ပြည်၌ မြင်ရသော ကြယ်သည် သူတို့ရှေ့က သွားသဖြင့်၊ သူငယ်တော်ရှိရာ အရပ်ပေါ်သို့ ရောက်၍ တည်လျက်နေ၏။ ၁၀ ထိုကြယ်ကို မြင်ပြန်သောအခါ အလွန်ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍၊ ၁၁ အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသော နံ့သာမျိုးကို၎င်း၊ [D] ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။ ၁၂ နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြ၏။
အဲဂုတ္တုပြည်သို့ပြေး
၁၃ ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည် အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌ နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်၊ ဟုဆိုလေ၏။ ၁၄ ထိုအခါ ယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို ညအချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ ထွက်သွား၍၊ ၁၅ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည် တိုင်အောင် ထိုပြည်၌ နေလေ၏။ ဤအကြောင်းအရာကား ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီ၊ ဟုထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည်အကြောင်းတည်း။ [E]
ဟေရုဒ်မင်း ကလေးများသတ်
၁၆ ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကို သိလျှင်၊ ပြင်းစွာ အမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့ မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကို ထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျား အပေါင်းတို့ကို သတ်စေ၏။ ၁၇ ပရောဖက် ယေရမိဟောဖူးသည်ကား၊ ၁၈ ရာမအရပ်၌ သည်းစွာသော ညည်းတွား ငိုကြွေးမြည်တမ်းခြင်း အသံကိုကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။ [F]
သူငယ်တော်အိမ်ပြန်
၁၉ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကို မြင်ပြန်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ၂၀ သင်ထလော့၊ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင်၊ ဣသရေလတိုင်းသို့ သွားလော့။ သူငယ်တော်ကို သတ်အံ့သောငှာ ရှာသောသူတို့သည် သေကြပြီ၊ ဟုဆိုလေ၏။ ၂၁ ထိုအခါ ယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင်၊ ဣသရေလတိုင်းသို့သွား၍ ရောက်သည်ရှိသော်၊ ၂၂ ဟေရုဒ်မင်းကြီး၏ အရာ၌ သားတော် အာခေလသည် ယုဒပြည်တွင် မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကို ရပြန်ပြီးမှ ဂါလိလဲပြည်သို့ သွား၍၊ ၂၃ ခရစ်တော်ကို နာဇရက်လူ၊ ဟုခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက် အမည်ရှိသော မြို့သို့ရောက်၍ အမြဲနေလေ၏။