ဇာခရိ အနာဂတ္တိ
အခန်းကြီး ၁၂
ဒယိမ်းဒယိုင်စေသောဖလား
၁ ထာဝရဘုရား၏ ဗျာဒိတ် နှုတ်ကပတ်တော်တည်းဟူသော၊ မိုးကောင်းကင်ကို ကြပ်၍ မြေကြီးတိုက်မြစ်ကို ချတော်မူထသော၊ လူအထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလအမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ၂ ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ ရှိသော လူမျိုးအပေါင်းတို့အား တုန်လှုပ် (ဒယိမ်းဒယိုင်) စေသော ဖလားဖြစ်စေမည်။ ယေရုရှလင်မြို့ကို ဝိုင်းထားကြစဉ်တွင် ယုဒပြည်ကိုလည်း ထိုအတူဖြစ်စေမည်။
လေးသောကျောက်
၃ ထိုကာလအခါ၌လည်း ထိုမြို့ကိုလူမျိုး အပေါင်းတို့အား လေးသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ့ကြေမွကြလိမ့်မည်။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ ၄ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှါ၎င်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှါ၎င်း၊ ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။
ထာဝရဘုရားအားကိုးမည်
၅ ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင် ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားအားဖြင့် သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏၊ ဟုစိတ်ထဲမှာ ဆိုကြလိမ့်မည်။ ၆ ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေသဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ ရှိသောလူမျိုး အပေါင်းတို့ကို မီးလောင်လိမ့်မည်။ ယေရုရှလင် မြို့သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။ ၇ ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည်။ ထိုကြောင့် ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင်မြို့သားတို့၏ ဘုန်းသည် ယုဒပြည်တဘက်၌ မဝါကြွားရ။ ၈ ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်းသောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ရှေ့မှာ ထာဝရဘုရား၏ ကောင်းကင်တမန်ကဲ့သို့၎င်း ဖြစ်လိမ့်မည်။
မိမိတို့ထိုးဖောက်သော ငါ့ကို ရှုမြင်ကြလိမ့်မည်
၉ ထိုကာလ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည် အားထုတ်မည်။ ၁၀ ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်းပဌနာပြုသော သဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင် မြို့သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက်တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေး မြည်တမ်း ရကြလိမ့်မည်။ [A] သားဦးအတွက် အဘသည် နာကြဉ်းသကဲ့သို့ နာကြဉ်းရကြလိမ့်မည်။ ၁၁ မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေး မြည်တမ်းခြင်း ရှိလိမ့်မည်။ ၁၂ တပြည်လုံး အမျိုးအနွယ် အသီးအသီး တမျိုးတခြားစီ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ဒါဝိဒ်မင်း၏ အဆွေအမျိုးတခြား၊ သူတို့ မိန်းမများတခြား၊ နာသန်၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊ ၁၃ လေဝိ၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ ရှိမိ၏အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊ ၁၄ ကျန်ကြွင်းသော အဆွေအမျိုး အပေါင်းတို့သည် တမျိုးတခြားစီ၊ သူတို့မိန်းမများ တစုတခြားစီ ငိုကြွေး မြည်တမ်းကြလိမ့်မည်။