တောလည်ရာကျမ်း
အခန်းကြီး ၈
အာရုန်အားမီးခုံ၌ မီးထွန်းခိုင်း
၁ ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊ ၂ မီးခွက်များကို ထွန်းသောအခါ၊ မီးခွက် ခုနစ်လုံးတို့သည် မီးခုံ တဘက်တချက်၌ ထွန်းလင်းရမည်၊ ဟု၃ မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံ တဘက်တချက်၌ မီးခွက်များကို ထွန်းလင်းလေ၏။ ၄ မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ၊ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင်အောင် ရွှေဖြင့် တစပ်တည်း ထုလုပ်သော မီးခုံ ဖြစ်သတည်း။
လေဝိသားတို့ကို စင်ကြယ်စေခြင်း
၅ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၆ လေဝိသားတို့ကို၊ ဣသရေလ အမျိုးသားတို့ အထဲက ရွေး ကောက်၍ စင်ကြယ်စေလော့။ ၇ စင်ကြယ်စေခြင်းငှာ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာ ဖြန်း၍၊ သူတို့သည် တစ်ကိုယ်လုံးကို အမွှေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်းကို ပြုသဖြင့် စင်ကြယ်စေရမည်။ ၈ ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့် တကွ၊ အသက်ပျိုသော နွားထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်ကို ယူပြီးလျှင်၊ ၉ လေဝိသားတို့ကို ပရိသတ် စည်းဝေးရာ တဲတော်ရှေ့သို့ ခေါ်ခဲ့၍၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့ကို စည်းဝေးစေပြီးမှ၊ ၁၀ လေဝိသားတို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလ အမျိုးသားတို့သည် လက်ကို တင်သဖြင့်၊ ၁၁ သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို ထမ်းစေခြင်းငှာ၊ ဣသရေလ အမျိုးသားတို့ ပြုသော ပူဇော်သက္ကာ တည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်သရမည်။ ၁၂ လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိတို့ လက်ကိုတင်၍၊ သူတို့အဖို့ အပြစ်ဖြေခြင်းကို ပြုလိုသောငှာ၊ ထာဝရဘုရားရှေ့မှာ နွားတစ်ကောင်ကို အပြစ်ဖြေရာယဇ်၊ တစ်ကောင်ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရကြမည်။ ၁၃ လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့ ရှေ့မှာထား၍ ထာဝရဘုရားအား ပူဇော်သက္ကာ ပြုရမည်။ ၁၄ ထိုသို့ လေဝိသားတို့ကို ဣသရေလ အမျိုးသားတို့နှင့် တခြားစီ ခွဲထား၍၊ သူတို့သည် အထူးသဖြင့် ငါ့လူ ဖြစ်ကြလိမ့်မည်။ ၁၅ ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ရကြလိမ့်မည်။ သူတို့ကို စင်ကြယ်စေ၍၊ ပူဇော်သက္ကာ ပြုရသော အကြောင်းဟူမူကား၊
လေဝိသားတို့ကို ဘုရားအဖို့ သိမ်းယူခြင်း
၁၆ ဣသရေလ အမျိုးထဲ သူတို့ကို ရွေးကောက်၍၊ ငါ့အား အပိုင်ပေးရမည်။ ဣသရေလ အမျိုးတွင် အဦးဖွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်းယူ၏။ ၁၇ အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဣသရေလ အမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဖို့ သန့်ရှင်းစေသောကြောင့်၊ သားဦး အပေါင်းတို့ကို အထူးသဖြင့် ငါပိုင်ရမည်။ ၁၈ တဖန် ဣသရေလ အမျိုးသားဦး အပေါင်းတို့အတွက်၊ လေဝိသားတို့ကို ငါယူ၏။ ၁၉ သူတို့သည်လည်း ပရိသတ် စည်းဝေးရာ တဲတော်၌၊ ဣသရေလ အမျိုးသား ဆောင်ရွက်ရသော အမှုကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ဣသရေလ အမျိုးသားတို့သည် သန့်ရှင်းရာ ဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှာ၎င်း၊ ဣသရေလ အမျိုးထဲက လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့အား စွန့်ကြဲ ပေးကမ်းသည်၊ ဟု၂၀ လေဝိသားအမှု၌ ၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်အစရှိသော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် လေဝိသားတို့ကို ပြုကြလျှင်၊ ၂၁ သူတို့သည် စင်ကြယ်ခြင်းသို့ ရောက်၍ မိမိတို့ အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရဘုရားအား ဆက်ကပ်၍ သူတို့အဖို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် စင်ကြယ်စေလေ၏။
လေဝိသားများ အသက် ၂၅ မှ ၅၀ အမှုထမ်း
၂၂ ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ လူအပေါင်းတို့သည် ပြုကြ၏။ ၂၃ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၂၄ လေဝိသားတို့သည် အသက် နှစ်ဆယ့်ငါးနှစ် လွန်မှ၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ရကြမည်။ ၂၅ အသက် ငါးဆယ်လွန်မှ အမှုလွတ်၍ နောင်တဖန် မဆောင်ရွက်ဘဲ၊ ပရိသတ် စည်းဝေးရာ တဲတော်၌ မိမိညီအစ်ကိုတို့ နှင့်အတူ ကူညီ၍ အလှည့်လှည့် စောင့်ရကြမည်။ ထိုသို့ လေဝိသားများ စောင့်ရသောအမှုကို စီရင်ရမည်၊ ဟုမိန့်တော်မူ၏။