တောလည်ရာကျမ်း
အခန်းကြီး ၃၅
လေဝိသားတို့ပေးသောမြေ
၁ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော်မူ၍၊ ၂ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့ နေစရာဘို့မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။ ၃ ထိုမြို့တို့သည် လေဝိသား နေစရာဖို့ ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွားအစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။ ၄ လေဝိသားတို့အား ပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင်တစ်ထောင် ကျယ်စေရမည်။ ၅ မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ် လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေအလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်းအရှည် ဖြစ်ရသတည်း။ ၆ လေဝိသားတို့အား ပေးသော မြို့တို့တွင် လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့ မှတပါး အခြားသော မြို့လေးဆယ့်နှစ်မြို့ကို ပေးရမည်။ ၇ ထိုသို့ လေဝိသားတို့အား ပေးသော မြို့ပေါင်းကား နယ်နှင့်တကွ လေးဆယ့်ရှစ်မြို့ ဖြစ်သတည်း။ ၈ ထိုမြို့တို့ကို ဣသရေလ အမျိုးသားပိုင်သော မြေထဲကနှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသော မြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးအသီးတို့သည် အမွေခံရသည် အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။
လူသတ်မိသူ မှီခိုရာမြို့များ
၉ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၁၀ သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍၊ ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊ ၁၁ လူအသက်ကို အမှတ်တမဲ့ သတ်မိသောသူ ပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားရမည်။ ၁၂ ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစား သေစေသောသူ၏ လက်မှလွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။ ၁၃-၁၄ လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန်မြစ် အရှေ့ဘက်၌ မှီခိုရာ မြို့သုံးမြို့၊ ခါနာန်ပြည်၌ မှီခိုရာ မြို့သုံးမြို့၊ ပေါင်းခြောက်မြို့တို့ကို ရွေးထားရမည်။ ၁၅ ထိုမြို့ ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ်တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။
လူသတ်များအမှတ်အသေခံရမည်
၁၆ သို့ရာတွင် လူအသက်ကို သေစေခြင်းငှာ၊ သံလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၇ လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၈ လူအသက်ကို သေစေခြင်းငှာ သစ်သား လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၉ သေစား သေစေသောသူသည် လူသတ်ကို တွေ့သောအခါ ကိုယ်တိုင်သတ်ရမည်။ ၂၀ သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှာ ချောင်းမြောင်း၍ တစ်စုံတခုနှင့် ပစ်သော်၎င်း၊ ၂၁ သေစေခြင်းငှာ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက်သော်၎င်း၊ ထိုသို့ ပြုသောသူသည် လူသတ်ဖြစ်သောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစား သေစေသောသူသည် တွေ့သောအခါ သတ်ရမည်။
မမုန်းဘဲ လူသတ်မိသူများ
၂၂ သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစ်စုံတခုနှင့် ပစ်မိသော်၎င်း၊ ၂၃ သူ၏ ရန်သူမဟုတ်၊ မုန်းသော စိတ်မရှိ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊ ၂၄ ယခု စီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစား သေစေသောသူ စပ်ကြား၌ တရားစီရင်၍၊ ၂၅ သတ်သောသူကို သေစား သေစေသောသူ၏ လက်မှနှုတ်သဖြင့်၊ အထက်က ပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဓမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရောဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့၌ နေရမည်။ ၂၆ လူအသက်ကို သတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်သို့ ထွက်သော်၊ ၂၇ သေစား သေစေသောသူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့ ၍သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။ ၂၈ အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ်မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရမည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့် ရှိ၏။
လူအသက်သတ်ခြင်းဖြင့် ပြည်မညစ်ညူးစေရ
၂၉ ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားစဉ်မြေးအစဉ် အဆက်စောင့်ရသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။ ၃၀ လူအသက်ကိုသတ်၍ လူသတ်ဖြစ်သောသူ မည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တစ်ယောက်တည်းသာ ရှိလျှင် မသတ်ရ။ ၃၁ အသေခံထိုက်သော လူသတ်၏ အသက်ဖိုးငွေကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ၃၂ မှီခိုရာမြို့သို့ ပြေးသောသူသည်၊ ယဇ်ပုရောဟိတ်မင်း မသေမှီ၊ မိမိ နေရင်း အရပ်သို့ပြန်၍ နေမည်အကြောင်း၊ အရွေးငွေကို မခံမယူရ။ ၃၃ ထိုသို့ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ လူအသွေးသည် ပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။ ၃၄ ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့တွင် ကျိန်းဝပ်သည်၊ ဟုမိန့်တော်မူ၏။