တောလည်ရာကျမ်း
အခန်းကြီး ၂၉
တံပိုးမှုတ်ပွဲ
၁ သတ္တမလ၊ ပဌမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ ဖြစ်၏။ ၂ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ ၃ နွားတစ်ကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ ၄ သိုးသူငယ် ခုနစ်ကောင် စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲဆီနှင့် ဘောဇဉ်ပူဇော်သက္ကာ ပြုရမည်။ ၅ အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်ကိုလည်း ပူဇော်ရမည်။ ၆ ထိုသို့ ထုံးစံရှိသည် အတိုင်း၊ လဆန်းနေ့ မီးရှို့ရာယဇ်နှင့် သူ၏ ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသော မီးရှို့ရာယဇ်နှင့် သူ၏ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။
အပြစ်ဖြေရာနေ့
၇ ၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြု၍ ခြိုးခြံစွာ ကျင့်ရမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ ၈ ထိုနေ့ ၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ ၉ နွားတစ်ကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲ၊ သိုးတစ်ကောင်လျှင် နှစ်ဩမဲ၊ ၁၀ သိုးသူငယ် ခုနစ်ကောင်စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာ ပြုရမည်။ ၁၁ အပြစ်ဖြေရာယဇ်ဖို့လည်း၊ ဆိတ်သူငယ် တစ်ကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ်ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး ထပ်၍ ပြုရမည်။
သကေနေ(တဲ)ပွဲ
၁၂ ၎င်းလ တစ်ဆယ့် ငါးရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက်ပတ်လုံး ထာဝရဘုရား အဖို့ ပွဲခံရမည်။
ပဌမနေ့
၁၃ ပဌမနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးဆယ် သုံးကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ဆယ့်လေးကောင်တို့ကို ပူဇော်ရမည်။ ၁၄ နွားဆယ်သုံးကောင် စေ့အောင်၊ တစ်ကောင်လျှင် ဆီရောသော မုန့်ညက်သုံးဩမဲစီ၊ သိုးနှစ်ကောင် စေ့အောင်၊ တစ်ကောင်လျှင် နှစ်ဩမဲဆီ၊ ၁၅ သိုးသူငယ် ဆယ်လေးကောင် စေ့အောင်၊ တစ်ကောင်လျှင် တစ်ဩမဲဆီနှင့် ဘောဇဉ် ပူဇော်သက္ကာ ပြုရမည်။ ၁၆ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး ထပ်၍ ပူဇော်ရမည်။
ဒုတိယနေ့
၁၇ ဒုတိယနေ့၌ ၊ အသက်ပျိုသော နွားထီး ဆယ့်နှစ်ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ဆယ့်လေးကောင်ကို၎င်း၊ ၁၈ သိုး၊ နွား၊ သိုးသူငယ် အနည်းအများ အလိုက် ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ၁၉ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ထပ်၍ ပူဇော်ရမည်။
တတိယနေ့
၂၀ တတိယနေ့၌ နွားထီးဆယ့်တစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ဆယ့်လေးကောင်ကို၎င်း၊ ၂၁ သိုး၊ နွား၊ သိုးသူငယ် အနည်းအများ အလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ၂၂ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ထပ်၍ ပူဇော်ရမည်။
စတုတ္ထနေ့
၂၃ စတုတ္ထနေ့၌ နွားထီးဆယ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ဆယ့်လေးကောင်ကို၎င်း၊ ၂၄ သိုး၊ နွား၊ သိုးသူငယ် အနည်းအများ အလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ၂၅ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ထပ်၍ ပူဇော်ရမည်။
ပဉ္စမနေ့
၂၆ ပဉ္စမနေ့၌ နွားထီး ကိုးကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ဆယ့်လေးကောင်ကို၎င်း၊ ၂၇ သိုး၊ နွား၊ သိုးသူငယ် အနည်းအများ အလိုက် ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ၂၈ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ထပ်၍ ပူဇော်ရမည်။
ဆဌမနေ့
၂၉ ဆဌမနေ့၌ ၊ နွားထီးရှစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ဆယ့်လေးကောင်ကို၎င်း၊ ၃၀ သိုး၊ နွား၊ သိုးသူငယ် အနည်းအများ အလိုက်၊ ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ၃၁ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာနှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါးထပ်၍ ပူဇော်ရမည်။
သတ္တမနေ့
၃၂ သတ္တမနေ့၌ နွားထီးခုနစ်ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ဆယ့်လေးကောင်ကို၎င်း၊ ၃၃ သိုး၊ နွား၊ သိုးသူငယ် အနည်းအများ အလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ၃၄ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ထပ်၍ ပူဇော်ရမည်။
အဋ္ဌမနေ့
၃၅ အဋ္ဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ ၃၆ ထိုနေ့ ၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဖို့ နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသူငယ် ခုနစ်ကောင်ကို၎င်း၊ ၃၇ သိုး၊ နွား၊ သိုးသူငယ် အနည်းအများ အလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ၃၈ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်တစ်ကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ မှတပါး၊ ထပ်၍ ပူဇော်ရမည်။ ၃၉ ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာ မှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်၊ ဟုမိန့်တော်မူ၏။ ၄၀ ထိုသို့ မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို၊ ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလေ၏။