တောလည်ရာကျမ်း
အခန်းကြီး ၂၁
ဣသရေလကို ခါနာန်အမျိုးသားတို့ ဖမ်းဆီး
၁ ဣသရေလ အမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည် သိတင်းကို တောင်မျက်နှာ၌ နေသော ခါနာန်အမျိုး အာရဒ်မင်းကြီး ကြားလျှင်၊ ဣသရေလ အမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဖမ်းဆီးသိမ်းသွားလေ၏။ ၂ ဣသရေလ အမျိုးကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့ လက်သို့ အပ်တော်မူလျှင်၊ သူတို့မြို့များကို ရှင်းရှင်း ဖျက်ဆီးပါမည်၊ ဟုထာဝရဘုရားအား သစ္စာဂတိပြုလေ၏။ ၃ ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကိုနားထောင်၍၊ ထိုခါနာန် အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ၏။
ဘုရားကို အပြစ်တင်သောကြောင့် မီးမြွေလွှတ်
၄ ဟောရတောင်မှ ထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှာ၊ ပင်လယ်နီ
(a) လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
၅ သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သော စားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏၊ ဟုဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
၆ ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလ အမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့် သေကြ၏။
၇ ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ၍ ကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့်ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့ လက်မှ ပယ်ရှားတော် မူမည်အကြောင်း ဆုတောင်းပါ၊ ဟုလျှောက်လျှင်၊ မောရှေသည် လူများအဖို့ ဆုတောင်းလေ၏။
မောရှေ ကြေးဝါမြွေရုပ်လုပ်၍ တိုင်ပေါ်မြှောက်
၈ ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကို လုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ [A] အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက် ချမ်းသာရလိမ့်မည်၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ ၉ မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားပြီးလျှင် မြွေကိုက်သောသူ မည်သည်ကား၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏။
စခန်းတခုပြီး တခုပြောင်း
၁၀ တဖန် ဣသရေလ အမျိုးသားတို့သည် နေရာပြောင်း၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။ ၁၁ ဩဗုတ်အရပ်မှပြောင်း ပြန်၍၊ နေထွက်ရာဘက်၊ မောဘပြည်ရှေ့တွင် ရှိသောတောမှာ၊ ဣဇာဗာရိမ်အရပ်၌ စခန်းချကြ၏။ ၁၂ ထိုအရပ်မှပြောင်း၍၊ ဇာရက်ချောင်းနား၌ စခန်းချကြ၏။ ၁၃ ထိုအရပ်မှ တဖန်ပြောင်းပြန်၍၊ အာမောရိ ပြည်နယ် နှင့်စပ်သော တော၌ ရှိသော အာနုန်ချောင်းနား တဘက်တချက်၌ စခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည် စပ်ကြား အပိုင်းအခြား ဖြစ်သတည်း။ ၁၄ ထိုသို့နှင့်အညီ၊ ထာဝရဘုရား စစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊ ၁၅ အာရပြည်သို့စီး၍ မောဘပြည်အနား၌ လျှောက်သွားသော ချောင်းအသွယ်သွယ်၊ ဟုလာသတည်း။ ၁၆ အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကို စုဝေးစေလော့၊ ရေကို ငါပေးမည်၊ ဟုမောရှေအား မိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ်သတည်း။ ၁၇ ထိုအခါ ဣသရေလ အမျိုးက၊ အိုတွင်းရေ၊ ထွက်လော့။ ထွက်အောင် သီချင်းဆိုကြလော့။ ၁၈ တရားမင်း စီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီ၊ ဟုသီချင်းဆိုလေ၏။ ၁၉ ထိုတောမှ မတ္တနာ အရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလ အရပ်သို့၎င်း၊ ၂၀ ဗာမုတ်အရပ်မှ မောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွားကြ၏။
အာမောရိ ရှင်ဘုရင်ရှိဟုန်မင်းကို စစ်တိုက်၍သိမ်း
၂၁ ထိုအခါ ဣသရေလ အမျိုးသားတို့သည်၊ အာမောရိ ရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊ ၂၂ အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ လျှောက်၍ သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ်သို့၎င်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီးပြည်ကို မလွန်မှီတိုင်အောင် မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်၊ ဟုအခွင့်တောင်းကြ၏။ ၂၃ ထိုပြည်အလယ်၌ လျှောက်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလ အမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလ အမျိုးသားတို့ကို ဆီးတားခြင်းငှာ၊ သူတို့ရှိရာတောသို့ ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။ ၂၄ ထိုမင်းကို၊ ဣသရေလ အမျိုးသားတို့သည် ဓားနှင့်လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင်၎င်း၊ အမ္မုန်အမျိုးသား နေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး၏။ ၂၅ ထိုသို့ ဣသရေလ အမျိုးသားတို့သည်၊ ဟေရှဘုန်မြို့မှစ၍ အာမောရိ အမျိုးသားနေသော မြို့ရွာရှိသမျှတို့ကို သိမ်းယူ၍ နေကြ၏။ ၂၆ ဟေရှဘုန်မြို့ကား၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင်အောင် ပြည်ကို လုယူသော အာမောရိ ရှင်ဘုရင် ရှိဟုန်မင်း နေသောမြို့ ဖြစ်သတည်း။
လင်္ကာဆရာတို့၏ သီချင်း
၂၇ ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာဆရာတို့က၊ ဟေရှဘုန်မြို့သို့ သွား၍ တဖန် တည်ကြစို့၊ ရှိဟုန် ဘုရင်နေသော မြို့ကိုပြင်ဆင်ကြစို့။ ၂၈ ရှိဟုန်ဘုရင် နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက်၍ မောဘပြည် အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသော မင်းတို့ကို လောင်လေပြီ။ ၂၉ အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှ တပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေးရသော မိမိသားသမီးတို့ကို အာမောရိရှင် ဘုရင်ရှိဟုန်လက်သို့ ရောက်စေခြင်းငှာ၊ ထိုဘုရားသည် အခွင့်ပေးပြီတကား။ ၃၀ တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက်ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင်အောင် ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖါမြို့တိုင်အောင် သူတို့ကို သုတ်သင် ပယ်ရှင်းကြပြီ၊ ဟုဆိုသတည်း။ ၃၁ ထိုသို့ ဣသရေလ အမျိုးသားတို့သည် အာမောရိပြည်၌ နေရကြ၏။
ဗာရှန်ရှင်ဘုရင်ဩဃကိုလည်း တိုက်၍သိမ်း
၃၂ မောရှေသည်လည်း၊ ယာဇာမြို့ကို စူးစမ်းခြင်းငှာ လူကိုစေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကို သိမ်းယူ၍၊ အရင်နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။ ၃၃ တဖန် ဣသရေလ အမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင် ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှာ ချီသွား၏။ ၃၄ ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည်၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ ၃၅ ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်း လုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူကြ၏။
_________________________
Footnotes
၄ (a) မြန်မာကျမ်းစာအုပ်၌ "ဧဒုံပင်လယ်" ဟုရေးထားသည်။ မူရင်းဟေဗြဲကျမ်း၌ ס֖וּף יַם־ "ပင်လယ်နီ" ဖြစ်သည်။