တောလည်ရာကျမ်း
အခန်းကြီး ၂
တဲတော်အရှေ့ဘက်၌ ယုဒ၊ ဣသခါ၊ ဇာဗုလုန်တပ်ချ
၁ တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ ၂ ဣသရေလ အမျိုးသား အသီးအသီးတို့သည်၊ မိမိတပ်နှင့် ဆိုင်သောအလံ၊ မိမိအဆွေအမျိုးနှင့် ဆိုင်သော အလံအနားမှာ၊ ပရိသတ် စည်းဝေးရာ တဲတော်ကို ရှေ့ရှုပြု၍ နေရာချရမည်။ ၃ နေထွက်ရာ အရှေ့မျက်နှာ၌ ၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍၊ အမိနဒပ်သား နာရှုန်သည်၊ ယုဒ အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၄ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ ခုနစ်သောင်း လေးထောင့် ခြောက်ရာရှိသတည်း။ ၅ ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍၊ ဇုအာသား နာသနေလသည်၊ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၆ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ ငါးသောင်း လေးထောင့် လေးရာရှိသတည်း။ ၇ ထိုနောက်၊ ဇာဗုလုန်တပ်ချ၍၊ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၈ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ ငါးသောင်း ခုနစ်ထောင့် လေးရာရှိသတည်း။ ၉ ယုဒတပ်နှင့် ဆိုင်သော အလုံးအရင်း အရေအတွက်ကား၊ တစ်သိန်း ရှစ်သောင်းခြောက်ထောင့် လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။
တောင်မျက်နှာ၌ ရုဗင်၊ ရှိမောင်၊ ဂဒ်တပ်ချ
၁၀ တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည်၊ ရုဗင်အလံကိုထူ၍၊ ရှေဒုရသားဧလိဇုရသည်၊ ရုဗင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၁၁ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ လေးသောင်း ခြောက်ထောင် ငါးရာရှိသတည်း။ ၁၂ ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲသား ရှေလုမျေလသည်၊ ရှိမောင် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၁၃ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ ငါးသောင်း ကိုးထောင့် သုံးရာ ရှိသတည်း။ ၁၄ ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသား ဧလျာသပ်သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၁၅ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးထောင် ခြောက်ရာ့ ငါးဆယ်ရှိသတည်း။ ၁၆ ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်း အရေအတွက်ကား၊ တစ်သိန်း ငါးသောင်း တစ်ထောင် လေးရာ့ ငါးဆယ်ရှိသတည်း။ ဤသူတို့သည် ဒုတိယတပ်အရာ၌ ချီရကြမည်။ ၁၇ ထိုအခါ၊ တပ်မအလယ်၌ ပရိသတ် စည်းဝေးရာ တဲတော်နှင့်တကွ၊ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း၊ လူအသီးအသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက် ချီရကြမည်။
အနောက်ဘက်၌ ဧဖရိမ်၊ မနာရှေ၊ ဗင်္ယာမိန်
၁၈ အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍၊ အမိဟုဒ်သား ဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၁၉ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးရာ ရှိသတည်း။ ၂၀ ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသား ဂါမလျေလသည်၊ မနာရှေ အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၂၁ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ သုံးသောင်း နှစ်ထောင့် နှစ်ရာ ရှိသတည်း။ ၂၂ ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၂၃ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ သုံးသောင်း ငါးထောင့် လေးရာ ရှိသတည်း။ ၂၄ ဧဖရိမ်တပ်နှင့် ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တစ်သိန်းရှစ်ထောင့် တစ်ရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
မြောက်ဘက်၌ ဒန်၊ အာရှာ၊ နဿလိတပ်ချ
၂၅ တပ်များ မြောက်မျက်နှာ၌ ၊ ဒန်တပ် အလုံးအရင်းသည်၊ ဒန်အလံကိုထူ၍၊ အမိရှဒ္ဒဲသား အဟဇောသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၂၆ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင့် ခုနစ်ရာ ရှိသတည်း။ ၂၇ ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍၊ ဩကရန်သားပါ ဂျေလသည်၊ အာရှာ အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၂၈ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ လေးသောင်း တစ်ထောင့် ငါးရာ ရှိသတည်း။ ၂၉ ထိုနောက်၊ နဿလိတပ်ချ၍၊ ဧနန်သား အဟိရသည်၊ နဿလိ အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ ၃၀ သူအုပ်ရသော အလုံးအရင်း အရေအတွက်ကား၊ ငါးသောင်း သုံးထောင့် လေးရာရှိသတည်း။ ၃၁ ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်း အရေအတွက်ကား၊ တစ်သိန်း ငါးသောင်း ခုနစ်ထောင့် ခြောက်ရာ ရှိသတည်း။ ဤသူတို့သည်၊ မိမိတို့ အလံပါလျက် နောက်ဆုံးတပ်အရာ၌ ချီရကြမည်။
လေဝိမပါဘဲ ဣသရေလအမျိုးသားပေါင်း ၆၀၃,၅၅၀
၃၂ ထိုသို့နှင့်အညီ၊ အဆွေအမျိုး အလိုက် ရေတွက်သော ဣသရေလ အမျိုးသား တပ်အလုံးအရင်း လူပေါင်းကား၊ ခြောက်သိန်း သုံးထောင် ငါးရာ့ ငါးဆယ် ရှိသတည်း။ ၃၃ ထာဝရဘုရားသည်၊ မောရှေအား မှာထားတော်မူသည်အတိုင်း၊ လေဝိသားတို့ကို၊ ဣသရေလ အမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ ၃၄ ထာဝရဘုရားသည်၊ မောရှေအား မှာထားတော်မူသည် အတိုင်း၊ ဣသရေလ အမျိုးသား အသီးအသီးတို့သည်၊ မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။