တောလည်ရာကျမ်း
အခန်းကြီး ၁၁
မြည်တမ်း၍ မီးရှို့ခြင်းခံ
၁ တဖန်လူများတို့သည် အလိုတော် မရှိသော မြည်တမ်းခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရားသည် သူတို့စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသော မီးသည် သူတို့တွင် လောင်၍၊ တပ်အစွန်းအနား၌ ရှိသော သူအချို့တို့ကို သေစေလေ၏။ ၂ လူများတို့သည် မောရှေအား အော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။ ၃ ထာဝရဘုရား၏ မီးသည်သူတို့တွင် လောင်သောကြောင့်၊ ထိုအရပ်ကို တဗေရ ဟူသော အမည်ဖြင့် မှည့်လေ၏။
အမဲသားတောင့်တ
၄ ဣသရေလ အမျိုးသားတို့နှင့် ရောနှောလျက်ပါသော တပါးအမျိုးသားတို့သည်၊ တောင့်တသော စိတ်စွဲလမ်းကြ၏။ ဣသရေလ အမျိုးသားတို့သည်လည်း၊ တဖန် ငိုကြွေးလျက် ငါတို့စားစရာဖို့ အမဲသားကို အဘယ်သူ ပေးလိမ့်မည်နည်း။ ၅ အဲဂုတ္တုပြည်၌ အလိုအလျောက် စားရသော ငါးသား၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်အနီ၊ အဖြူ၊ အရိုင်း အမျိုးမျိုးတို့ကို အောက်မေ့၏။ ၆ ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္န မှတပါး တစ်စုံတခုကိုမျှ မမြင်ရ၊ ဟုဆိုကြ၏။ ၇ မန္နသည် နံနံစေ့နှင့်တူ၍၊ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏၊ ၈ လူများတို့သည် လှည့်လည်လျက် မန္နကို စုသိမ်း၍ ဆုံ၌ ကြိတ်ခြင်း၊ ထောင်းခြင်းကို ပြုပြီးမှ အိုးနှင့်ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော် အရသာ နှင့်တူ၏။ ၉ စခန်းချရာအရပ်၌ ညအခါ နှင်းနှင့်အတူ မန္နကျတတ်၏။
မောရှေသေဖို့တောင်း
၁၀ ထိုအခါ လူများ အသီးအသီးတို့သည်၊ မိမိတဲတံခါးဝ၌ မိမိအိမ်ထောင် နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက်ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊ ၁၁ ဤလူအပေါင်းတို့ကို ထမ်းစေ၊ ဟုသူတို့ကို ကိုယ်တော်ကျွန် အပေါ်မှာတင်၍၊ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲ နေရပါသနည်း။ ၁၂ သူတို့ ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကို ဆောင်သကဲ့သို့၊ ဤလူတို့ကို ပိုက်ချီလျက် ဆောင်လော့၊ ဟုအကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင် ပါသလော။ ဖွားမြင်ပါသလော။ ၁၃ ဤလူအပေါင်းတို့အား ကျွေးစရာဖို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာ ရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့ စားစရာဖို့ အမဲသားကို ပေးပါ၊ ဟုငိုကြွေးလျက် အကျွန်ုပ်ကို တောင်းပါ၏။ ၁၄ ဤလူအပေါင်းတို့ကို အကျွန်ုပ် တစ်ယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ၏။ ၁၅ ထိုသို့အကျွန်ုပ်၌ ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကို အလျင်အမြန် သေစေတော်မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိ မမြင်ပါစေနှင့်၊ ဟုထာဝရဘုရားအား လျှောက်ဆို၏။
အသက်ကြီးသူ ခုနစ်ကျိပ်ရွေး
၁၆ ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလ အမျိုးသား အသက်ကြီးသူ ခုနစ်ကျိပ်တို့ကို၊ ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ် စည်းဝေးရာ တဲတော်သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။ ၁၇ ငါသည်လည်း ထိုအရပ်သို့ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူတို့ကို သင်တစ်ယောက်တည်းသာ ဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက်ရကြမည်။ ၁၈ သင်သည်လည်း လူများတို့အား ဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဖို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အမဲသားကို စားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့အား အမဲသားကို ပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌ နေစဉ်၊ ငါတို့သည် ချမ်းသာစွာ နေကြ၏၊ ဟုငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရား ကြားသောကြောင့်၊ အမဲသားကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။ ၁၉ တစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်သာ စားရကြမည် မဟုတ်။ ၂၀ သင်တို့ နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင် ရှိတော်မူသော ထာဝရဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရကြသနည်း၊ ဟုရှေ့တော်၌ ငိုကြွေးလျက် ပြောဆိုကြပြီတကား၊ ဟုမောရှေအား မိန့်တော်မူ၏။ ၂၁ မောရှေကလည်း၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားပေါင်း ခြောက်သိန်း ရှိကြသည်ဖြစ်၍၊ ကိုယ်တော်က တလစားစရာဖို့ သူတို့အား အမဲသားကို ငါပေးမည်၊ ဟုငါမိန့်တော်မူပါသည်တကား၊ ၂၂ သူတို့ကို ဝစွာကြွေးခြင်းငှာ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှာ ပင်လယ်ငါး ရှိသမျှတို့ကို စုဝေးရပါမည်လော၊ ဟုလျှောက်လျှင်၊ ၂၃ ထာဝရဘုရားက၊ ထာဝရဘုရား လက်တိုသလော။ [A] ငါ့စကားတည်မည်၊ မတည်မည်ကို သင်သိလိမ့်မည်၊ ဟုမောရှေအား မိန့်တော်မူ၏။
အသက်ကြီးသူခုနစ်ကျိပ်တို့ ပရောဖက်ပြု
၂၄ မောရှေသည်ထွက်၍ ထာဝရဘုရား၏ စကားတော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင်၊ အမျိုးသား အသက်ကြီးသူ ခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသည် စည်းဝေးရာ တဲတော် ရှေ့ပတ်လည်၌ ထားလေ၏။ ၂၅ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့ အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မဆဲ ဟောကြ၏။ ၂၆ ထိုလူစု၌ ပါသော ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့ မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ် ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု၍ တပ်ထဲမှာ ဟောကြ၏။ ၂၇ လုလင် တစ်ယောက်သည်လည်း မောရှေထံသို့ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက်ပြု၍ဟောပါ၏၊ ဟုလျှောက်လျှင်၊ ၂၈ မောရှေ၏ လက်ထောက်ဖြစ်သော လုလင်နုန်သား ယောရှုက သခင်မောရှေ၊ သူတို့ကို ဆီးတားတော်မူပါ၊ ဟုဆိုသော်၊ ၂၉ မောရှေက၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည် ပရောဖက် ဖြစ်ကြပါစေသော်။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသော်၊ ဟုဆိုပြီးမှ၊ ၃၀ ဣသရေလ အမျိုးသား အသက်ကြီးသူတို့နှင့် အတူတပ်ထဲသို့ ပြန်သွားလေ၏။
ငုံးပေး
၃၁ ထိုအခါ ထာဝရဘုရားသည် လေကို စေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တစ်ရက်ခရီးစီ တိုင်တိုင် ကွာသောအရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။ ၃၂ လူများတို့သည် တစ်နေ့လုံး၊ တစ်ညလုံး၊ နက်ဖြန်လည်း တစ်နေ့လုံး ထ၍ ငုံးများကို စုသိမ်းကြ၏။ နဲနဲသိမ်းသောသူသည် ဆယ်ဩမဲကို သိမ်းရ၏။ တပ်ပတ်လည် အရပ်ရပ်၌ ဖြန့်ထားကြ၏။ ၃၃ သို့ရာတွင် ငုံးသားကို ကိုက်၍ မဝါးမှီ၊ ထာဝရဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်းသော ဘေးနှင့် ဒဏ်ခတ်တော်မူ၏။ [B] ၃၄ တောင့်တသောသူတို့ကို သင်္ဂြိုလ်ရာ ထိုအရပ်ကို ကိဗြုတ်ဟတ္တဝါ ဟူသော အမည်ဖြင့် မှည့်လေ၏။ ၃၅ လူများတို့သည် ကိဗြုတ်အဟတ္တဝါအရပ်မှ ထွက်ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။
_________________________
Footnotes