အာမုတ် အနာဂတ္တိ
အခန်းကြီး ၃
နှစ်ဦးသဘောမတူလျှင် ခရီးအတူမသွားနိုင်
၁ အိုဣသရေလ အမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကိုရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။ ၂ မြေကြီးပေါ်မှာ နေသော အမျိုးသားအပေါင်းတို့တွင် သင်တို့တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့ အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။ ၃ လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဖေါ်၍ ခရီးသွားနိုင်သလော။ ၄ ခြင်္သေ့သည် ဖမ်းစရာမရှိလျှင်၊ တော၌ ဟောက်လိမ့်မည်လော။ ခြင်္သေ့သည် အဘယ်အရာကိုမျှ မဖမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။ ၅ မြေပေါ်မှာ ကျော့ကွင်းနှင့် မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသော ကျော့ကွင်း၌ အဘယ်အရာကိုမျှ မရမှီ ထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
ထာ၀ရဘုရားသည် မိမိကျွန်အား မဖေါ်ပြဘဲအမှုမစီရင်
၆ မြို့ထဲမှာ တံပိုးမှုတ်လျှင် မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။ ၇ အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဖေါ်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။ ၈ ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင် ထာဝရဘုရား မိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲ နေလိမ့်မည်နည်း။
၉ အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည် ဘုံဗိမာန်တို့တွင် သိတင်းပြောရမည်မှာ၊ ရှမာရိတောင်တို့အပေါ်မှာ စုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကို၎င်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသောသူတို့ကို၎င်း ကြည့်ရှုကြလော့။ ၁၀ မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသော ဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၁၁ ထိုကြောင့်၊ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကို ဝိုင်းပြီးလျှင်၊ သင်၏ အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။ ၁၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု၊ သို့မဟုတ်၊ နားရွက်တပိုင်းကို နှုတ်ယူသကဲ့သို့ ရှမာရိမြို့၌ ခုတင်ထောင့်၊ ဒမာသက်မွေ့ယာဖုံပေါ်မှာ ထိုင်သော ဣသရေလ အမျိုးသားတို့ကို နှုတ်ယူရလိမ့်မည်။ ၁၃ ကောင်းကင် ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင်၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို သင်တို့သည် နားထောင်၍ ယာကုပ် အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၁၄ အကယ်စင်စစ် ဣသရေလ အမျိုး၏ အပြစ်တို့ကို စစ်ကြောသောနေ့၌၊ ဗေသလ ယဇ်ပလ္လင်တို့ကို ငါစစ်ကြောလျက်၊ ယဇ်ပလ္လင်ဦးချိုတို့ကို ဖျက်၍ မြေပေါ်သို့ချမည်။ ၁၅ ဆောင်းကာလ၌ စံသောနန်းတော်နှင့် နွေကာလ၌ စံသောနန်းတော်တို့ကို ငါထိခိုက်၍၊ ဆင်စွယ်ဖြင့် ပြီးသောအိမ်တို့ကို ဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။