ဟောရှေအနာဂတ္တိ
အခန်းကြီး ၁၄
၁ အိုဣသရေလ၊ သင်သည်ကိုယ်ပြုသောဒုစရိုက်အပြစ်အားဖြင့်အကျိုးနည်းရှိသောကြောင့်သင်၏ဘုရားသခင်ထာဝရဘုရားထံသို့ပြန်လော့။ ၂ ပဌနာစကားကိုပြင်ဆင်၍ထာဝရဘုရားထံတော်သို့ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ်တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည်ကိုယ်နှုတ်ခမ်းတည်းဟူသောနွားသငယ်ကိုပူဇော်ပါမည်။ ၃ အာရှုရိမင်းသည်အကျွန်ုပ်တို့ကိုမကယ်တင်ရ။ အကျွန်ုပ်တို့သည်မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့်လုပ်သောအရာတို့အားကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်ပါ၏၊ ဟုနောက်တဖန်မဆိုပါ။ အကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကိုခံတတ်ကြပါ၏ဟုလျှောက်ကြလော့။ ၄ ငါသည်အမျက်ပြေသောကြောင့် သူတို့ဖောက်ပြန်ခြင်းကိုပြုပြင်မည်။ ကိုယ်အလိုအလျောက်စုံမက်မည်။ ၅ ငါသည် နှင်းကဲ့သို့ဣသရေလအပေါ်မှာနေမည်။ သူသည်နှင်းပွင့်ကဲ့သို့ပွင့်လိမ့်မည်။ လေဗနုန်တောကဲ့သို့အမြစ်စွဲလိမ့်မည်။ ၆ အညွန့်တို့သည်ပြန့်ပွား၍၊ သံလွင်ပင်ကဲ့သို့အသရေတင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့မွှေးကြိုင်လိမ့်မည်။ ၇ ထိုအပင်၏အရိပ်အောက်၌ နေသောသူတို့သည်အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွား၍လေဗနုန်စပျစ်ရည်ကဲ့သို့ကျော်စောကြလိမ့်မည်။ ၈ ငါသည်နောက်တဖန်ရုပ်တုဆင်းတုတို့နှင့်အဘယ်သို့ဆိုင်ရသနည်းဟုဧဖရိမ်သည်ပြောလိမ့်မည်။ သူ၏စကားကိုလည်းငါနားထောင်၍သူ့ကိုကြည့်ရှုမည်။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့်အသီးနှင့်ပြည့်စုံလိမ့်မည်။ ၉ အဘယ်သူသည်ပညာရှိသနည်း။ ထိုသူသည်ဤအရာတို့ကိုနားလည်လိမ့်မည်။ အဘယ်သူသည်ဥာဏ်ကောင်းသနည်း။ ထိုသူသည်ဤအရာတို့ကိုသိရလိမ့်မည်။ ထာဝရဘုရား၏လမ်းတော်တို့သည်ဖြောင့်ကြ၏။ ဖြောင့်မတ်သောသူတို့သည်လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍လဲကြလိမ့်မည်။
ပရောဖက်ဟောရှေစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။