ဟောရှေအနာဂတ္တိ
အခန်းကြီး ၁၁
၁ ဣသရေလသည် အသက်ငယ်သောအခါ ငါသည်ချစ်၍ ငါ့သားကိုအဲဂုတ္တုပြည်မှခေါ်ခဲ့ပြီ။ ၂ သူတို့ကိုခေါ်သောသူတို့ထံမှထွက်သွားကြ၏။ ဗာလဘုရားတို့အားယဇ်ပူဇော်၍ရုပ်တုဆင်းတုတို့အားနံ့သာပေါင်းကိုမီးရှို့ကြ၏။ ၃ ငါသည်သွားတတ်သောအတတ်ကိုဧဖရိမ်အားလက်ဆွဲ၍သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မခြင်းကျေးဇူးကိုသူသည်မသိဘဲနေ၏။ ၄ လူကို ဆွဲတတ်သောကြိုးတည်းဟူသောမေတ္တာကြိုးနှင့်ငါဆွဲငင်၏။ ငါးရိုးအနားသို့ထမ်းပိုးကိုရွှေ့၍ဖြည်းညှင်းစွာကျွေး၏။ ၅ အထံတော်သို့မပြန်မလာဟုသူသည်ငြင်းသောကြောင့်၊ အဲဂုတ္တုပြည်သို့ပြန်၍မသွားရ။ အာရှုရိမင်းသည်သူတို့ကိုအုပ်စိုးရလိမ့်မည်။ ၆ ဓါးဘေးသည်သူတို့နေရာမြို့တို့အပေါ်သို့ရောက်၍မင်းတို့ကိုဖျက်ဆီးလိမ့်မည်။ သူတို့ကြံစည်ခြင်းအားဖြင့်သုတ်သင်ပယ်ရှင်းလိမ့်မည်။ ၇ ငါ၏လူတို့သည်ထွက်ထံမှလွှဲမြဲလွှဲကြ၏။ အမြင့်ဆုံးသောဘုရားထံသို့ခေါ်သော်လည်း၊ ထိုဘုရားကိုအဘယ်သူမျှ မချီးမြှောက်လို။
၈ အိုဧဖရိမ်၊ ငါသည်သင့်ကိုအဘယ်သို့စွန့်နိုင်မည်နည်း။ အိုဣသရေလ၊ သင့်ကိုအဘယ်သို့အပ်နှံနိုင်မည်နည်း။ သင့်ကိုအာဒမာမြို့ကဲ့သို့အဘယ်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ခန့်ထားနိုင်မည်နည်း။ ငါသည်နှလုံးပြောင်းလဲ၍အလွန် ကြင်နာသောစိတ်ရှိ၏။ ၉ ပြင်းစွာသောအမျက်ထွက်သည်အတိုင်းမပြုလို။ ဧဖရိမ်ကိုအထပ်ထပ်မဖျက်ဆီးလို။ ငါသည်လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ မြို့ထဲမှာနေသောမြို့သားမဟုတ်သော်လည်း၊ သင်တို့တွင်နေ၍သန့်ရှင်းသောဘုရားဖြစ်၏။ ၁၀ သူတို့သည်ထာဝရဘုရား၏နောက်တော်သို့လိုက်ကြလိမ့်မည်။ ခြင်္သေ့ကဲ့သို့ဟောက်တော်မူမည်။ ဟောက်တော်မူသောအခါ သားသမီးတို့သည်အနောက်မျက်နှာမှအလျှင်အမြန်ပြေးကြလိမ့်မည်။ ၁၁ စာငှက်ကဲ့သို့အဲဂုတ္တုပြည်မှ၎င်း၊ ချိုးကဲ့သို့အာရှုရိပြည်မှ၎င်း၊ အလျှင်အမြန်ပြေးကြ၍သူတို့ကိုနေရင်းအရပ်၌ ငါနေရာချမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ ၁၂ ဧဖရိမ်သည်မုသာစကားနှင့်၎င်း၊ ဣသရေလသည်လှည့်စားခြင်းနှင့်၎င်း၊ ငါ့ကိုနှောင့်ရှက်တတ်၏။ ယုဒသည်လည်း ဘုရားသခင့်ထံ၊ သန့်ရှင်း၍သစ္စာစောင့်တော်မူသောဘုရားသခင်ထံမှလွှဲ၍လှည့်လည်တတ်၏။