ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၅
ဆံပင်နှင့် မုတ်ဆိတ်ကိုရိတ်ခိုင်း
၁ တဖန်တုံ၊ အချင်းလူသား၊ ထက်သော ထားတည်းဟူသော၊ ဆတ္တာသည်
(a) ၏ သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့် မုတ်ဆိတ်ကိုရိတ်ပြီးမှ ချိန်ခွင်နှင့်ချိန်၍ အစုစုခွဲထားလော့။
၂ မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစုတစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့် ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ဓါးကို လွှတ်လိုက်မည်။
၃ အနည်းငယ်ကိုလည်း ယူ၍၊ ကိုယ်အဝတ်နှင့် ထုတ်လော့။
၄ ထိုအနည်းငယ် အချို့ကိုလည်း ပြန်ယူ၍ မီးရှို့လော့။ ထိုမီးသည် ဣသရေလ အမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။
လူသားစားကြမည်
၅ တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ ရှိသော တိုင်းပြည်များတို့ အလယ်မှာ ထိုမြို့ကို ငါထား၍၊ ၆ ပတ်လည်၌ ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည် သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။ ၇ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပတ်လည်၌ ရှိသော တိုင်းသူပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ ဆန့်ကျင်သောကြောင့်၎င်း၊ ငါ၏စီရင်ချက်လမ်းသို့ မလိုက်၊ ငါ၏ပညတ်တရားကို မစောင့်ရှောက်၊ ပတ်လည်၌ ရှိသော တိုင်းသူပြည်သားတို့၏ ထုံးစံဓလေ့သို့ လိုက်သောကြောင့်၎င်း၊ ၈ ငါသည် ကိုယ်တိုင် သင့်တဘက်၌ နေ၍၊ တပါးအမျိုးသားတို့ ရှေ့မှာ သင်၌ အပြစ်ဒဏ်ကို စီရင်မည်။ ၉ သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတံ့သော အပြစ်ဒဏ်ကို သင်၌ စီရင်ရမည်။ ၁၀ သင်၏ အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကို စားကြလိမ့်မည်။ [A] သင်၌ အပြစ်ဒဏ်ကိုစီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့က လာသော လေရှေ့မှာ ငါလွှင့်မည်။
နာဘေး၊ မွတ်သိပ်ခြင်းဘေး၊ ဓါးဘေး
၁၁ ထို့ကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည့်အတိုင်း၊ စက်ဆုပ်ရွံ့ရှာသော အမူအရာ အပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာဌာနကို သင်သည် ညစ်ညူးစေသောကြောင့်၊ ငါသည်လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲ မျက်နှာလွှဲမည်။ ၁၂ သင်၏ သုံးစုတို့တွင် တစုသည် နာဘေးဖြင့်သေ၍၊ သင်၏အလယ်၌ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရလိမ့်မည်။ တစုသည် သင့်ပတ်လည်၌ ဓါးဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကို အရပ်ရပ်တို့က လာသော လေရှေ့မှာ ငါလွှင့်၍၊ သူ့နောက်သို့ ဓါးကို လွှတ်လိုက်မည်။ ၁၃ ထိုသို့ ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါဒေါသအရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေလိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလိုကို ပြည့်စုံစေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့ သိရကြလိမ့်မည်။
ပတ်လည်၌ နေသောသူတို့၏ ကဲ့ရဲ့အပြစ်တင်ရာဖြစ်မည်
၁၄ ထိုမှတပါး၊ အနားမှာ လျှောက်သွားသမျှသော သူတို့ရှေ့တွင်၊ သင့်ကို လူဆိတ်ညံရာပတ်လည်၌ နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာဖြစ်စေမည်၊ ၁၅ ဒေါသ အမျက်တော်အားဖြင့် သင်၌၊ ပြင်းစွာသော အပြစ်ဒဏ်ကို ငါစီရင်သောအခါ၊ ပတ်လည်၌ နေသော လူအမျိုးမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရား မိန့်တော်မူ၏။ ၁၆ သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်းဘေး တည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌၎င်း၊ သင်တို့တွင် မွတ်သိပ်ခြင်းဘေးကို တိုးပွားစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌၎င်း၊ ၁၇ သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်းဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍ ဓါးဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်း ဘေးတို့သည် လွှမ်းမိုးသောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။
_________________________
Footnotes
(a) ဆတ္တာသည်ဆိုသည်မှာ ဆံပင်ညှပ်သူကို ဆိုလိုသည်။