ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၃
၁ ထိုနောက်မှအရှေ့ဘက်သို့မျက်နှာပြုသောတံခါးဝသို့တဖန်ခေါ်သွား၏။ ဣသရေလအမျိုး၏ဘုရားသခင့်ဘုန်းတော်သည် အရှေ့မျက်နှာမှလာ၍၊ အသံသည်သမုဒရာကဲ့သို့ဖြစ်၏။ ၂ ရောင်ခြည်တော်အားဖြင့်မြေတပြင်လုံးလင်း၏။ ၃ ငါမြင်သောရူပါရုံသည်မြို့တော်ကိုဖျက်ဆီးခြင်းငှါလာသောအခါ၊ ငါမြင်သောရူပါရုံနှင့်တူ၏။ ထင်ရှားသောအရာတို့သည်ခေဗာမြစ်နားမှာငါမြင်ဘူးသောအရာများကဲ့သို့ဖြစ်၍ငါသည်ပြပ်ဝပ်လျက်နေ၏။ ၄ ထာဝရဘုရား၏ဘုန်းတော်သည်အရှေ့ဘက်သို့ မျက်နှာပြုသောတံခါးလမ်းဖြင့်အိမ်တော်ထဲသို့ဝင်တော်မူ၏။ ၅ ထိုအခါဝိညာဉ်တော်သည်ငါ့ကိုချီလျက်အတွင်းတန်တိုင်း ထဲသို့ဆောင်သွား၍၊ ထာဝရဘုရား၏ဘုန်းတော်သည်တအိမ်လုံးကိုဖြည့်တော်မူ၏။ ၆ အရင်လူသည်ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲကငါ့အားမိန့်တော်မူသောအသံကိုငါကြားသည်ကား၊ ၇ အချင်းလူသား၊ ဤအရပ်သည်ငါ့ပလ္လင်တည် ရာအရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသားတို့သည်အစဉ်အမြဲငါ့နေရာအရပ်ဖြစ်၏။ ဣသရေရှင်ဘုရင်များနှင့် အမျိုးသားများတို့တွင်မှားယွင်းခြင်းအားဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာအရပ်တို့၌ ငါ၏နာမတော်မြတ်ကို နောက်တဖန်မရှုတ်ချရကြ။ ၈ ထိုသို့တံခါးခုံကိုလည်းတံခါးခုံအနားမှာ၎င်း၊ သူတို့ကိုယ်တိုင်လည်းငါ့တိုင်အနားမှာ၎င်း၊ တည်စိုက်လျက်၊ ငါနှင့်သူတို့စပ်ကြားမှာနံရံတခုတည်းသာရှိလျက်၊ သူတို့ပြုမိသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ဖြင့်ငါ၏နာမတော်မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍သူတို့ကိုဖျက်ဆီးပြီ။ ၉ ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့်ရှင်ဘုရင် ၏အသေကောင်များကိုငါမှဝေးစွာပယ်ရှားကြစေ။ ငါသည်လည်းသူတို့တွင်အစဉ်အမြဲနေမည်။ ၁၀ အချင်းလူသား၊ ဣသရေလအမျိုးတို့သည်ကိုယ့်ဒုစရိုက်အပြစ်ကြောင့်ရှက်ကြောက်စေခြင်းငှါအိမ်တော်ကိုပြလော့။ အိမ်တော်ပုံကိုသူတို့တိုင်းကြစေလော။ ၁၁ သူတို့သည်ကိုယ်ပြုမိသောအမှုများကြောင့်အမှန်ရှက်ကြောက်လျှင် အိမ်ပုံသဏ္ဍာန်နှင့်ထွက်ရာဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသောထုံးစံများ၊ စီရင်ထုံးဖွဲ့ချက်တရားအလုံးစုံတို့ကိုပြလော့။ သူတို့သည်ထုံးစံများနှင့်စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကိုကျင့်စောင့်စေခြင်းငှါသူတို့ရှေ့မှာရေးထားလော့။ ၁၂ တောင်ထိပ်ပေါ်မှာတည်သောအိမ်တော်၏တရားတော်မူကားအိမ်တော် နယ်နိမိတ်ရှိသမျှတို့သည်အလွန်သန့်ရှင်းရမည်။ ဤရွေ့ကားအိမ်တော်၏တရားပေတည်း။
၁၃ ယဇ်ပလ္လင်အတိုင်းအရှည်ကား၊ သံတောင်ဖြင့်တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနား ပတ်အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင်ပြင်ဘက်၌ တည်ရ၏။ ၁၄ အောက်အထစ်သည်မြေနှင့်နှစ်တောင်ကွာ၍အကျယ်တ တောင်ရှိရမည်။ ၁၅ ယဇ်ပလ္လင်အမြင့်သည်လည်းလေးတောင်ရှိရမည်။ ငယ်သောအထစ်နှင့်ကြီးသောအထစ်သည်လေးတောင်ကွာ၍အကျယ်တတောင်ရှိရမည်။ ဦးချိုးလေးချောင်းတတ်ရမည်။ ၁၆ ယဇ်ပလ္လင်သည်စတုရန်းဖြစ်၍အလျားတဆယ်နှစ်တောင်အနံလည်းတဆယ်နှစ်တောင်ရှိရမည်။ ၁၇ အောက်အထစ်သည်လည်းစတုရန်းဖြစ်၍အလျားတဆယ်တဆယ့်လေးတောင်၊ အနံလည်းတဆယ့်နှစ်တောင်ရှိရမည်။ အနားပတ်လည်သည်လည်းအကျယ်တထွာရှိရမည်။ ဘိနပ်သည် ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍တတ်ရာလမ်းသည်အရှေ့သို့မျက်နှာပြုရမည်။
၁၈ တဖန်အချင်းလူသားအရှင်ထာဝရဘုရားမိန့်တော်မူသည်အတိုင်းမီးရှို့ရာယဇ်ကိုပူဇော်၍အသွေးကိုဖျန်းဘို့ရာယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရားဟူသည်ကား၊ ၁၉ အမှုတော်ကိုဆောင်၍ငါ့ထံသို့ ချဉ်းကပ်သောလေဝိအမျိုးဇာဒုတ်သားယဇ်ပုရောဟိတ်တို့အားအပြစ်ဖြေရာယဇ်ဘို့သောနွားထီးတကောင်ကိုအပ်ရမည်။ ၂၀ နွားအသွေးအချို့ကိုယူ၍ယဇ်ပလ္လင်ဦးချိုလေးချောင်းအထစ်လေးထောင့်အနားပတ်ကိုလူးသောအားဖြင့်သန့်ရှင်းစင်ကြယ်စေရမည်။ ၂၁ အပြစ်ဖြေရာယဇ်ဘို့ နွားကောင်ကိုယူ၍သန့်ရှင်းရာဌာနပြင်ဗိမာန်တော်အတွင်းတွင်ခန့်ထားသောအရပ်၌ မီးရှို့ရမည်။ ၂၂ ဒုတိယနေ့၌ လည်း အပြစ်မရှိသောဆိတ်သငယ်ကိုယူ၍အပြစ်ဖြေရာယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင်ကိုနွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ဆိတ်အသွေးနှင့်သန့်ရှင်းစေရမည်။ ၂၃ ထိုသို့ယဇ်ပလ္လင်ကိုသန့်ရှင်းစေပြီးသည်နောက်အပြစ်မရှိသောနွားထီးနှင့်အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။ ၂၄ ယဇ်ပုရောဟိတ်တို့သည်ဆားကိုတင်လျက် [A]ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့မီးရှို့၍ပူဇော်ရမည်။ ၂၅ ခုနစ်ရက်ပတ်လုံးတနေ့တနေ့လျှင်ဆိတ်တကောင်ကိုအပြစ်ဖြေရာပြု၍ပူဇော်ရမည်။ အပြစ်မရှိသောနွားထီးတကောင်နှင့်သိုးထီးတကောင်ကိုလည်းပူဇော်ရမည်။ ၂၆ ခုနစ်ရက်တပတ်လုံးယဇ်ပလ္လင်ကိုလည်းသန့်ရှင်းစင်ကြယ်စေ၍ကိုယ်ကိုလည်းယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရကြမည်။ ၂၇ ခုနစ်ရက်စေ့သောနောက်အဋ္ဌမနေ့၌ ၎င်း၊ ထိုနေ့မှစ၍၎င်း၊ ယဇ်ပုရောဟိတ်တို့သည်ယဇ်ပလ္လင်ပေါ်တွင်သင်တို့မီးရှို့ရာယဇ်များနှင့်မိဿဟာယဇ်များကိုနှင့်ပူဇော်ရမည်။ ငါသည်လည်းသင်တို့ကိုလက်ခံမည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူသည်။