ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၂
၁ ထို့နောက်မှမြောက်လမ်းနှင့်ပြင်တန်တိုင်းထဲသို့ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သောအရပ်ရှေ့မှာရှိသော အခန်းများကိုပြလေ၏။ ၂ ထိုအခန်းတို့သည်မြောက်တံတားအထိ၊ အလျားအတောင်တရာ၊ အနံအတောင်ငါးဆယ်ရှိကြ၏။ ၃ အတောင်နှစ်ဆယ်ရှိသောအတွင်းတံတိုင်းရှေ့၊ ပြင်တန်တိုင်းကျောက်ခင်းရှေ့တွင်၊ တဘက်တချက်၌ နံရံအခန်းသုံးဆင့်ရှိ၏။ ၄ ထိုအခန်းများရှေ့မှာတတောင်ကျယ်သောလမ်းများနှင့်တကွအတွင်းဘက်သို့ဝင်၍၊ အနံဆယ်တောင်ရှိသောစင်္ကြံရှိ၏။ အခန်းတံတားတို့သည်မြောက်ဘက်သို့မျက်နှာပြုကြသည်။ ၅ အထက်ခန်းတို့သည်ကျဉ်းကြသည်။ သူတို့ကြမ်းပြင်သည်အောက်ခန်းကြမ်းပြင်၊ အလယ်ခန်းကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက်ရှိကြသည်။ ၆ အကြောင်းမူကားအခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည်အခြားတံတိုင်းကဲ့သို့တိုင်မရှိ။ သို့ဖြစ်၍၊ အောက်ခန်းနှင့်အလယ်ခန်းထက်သာကျဉ်းကြသည်။ ၇ ထိုအခန်းများ တဘက်တချက်၊ ပြင်တံတိုင်းဘက်မှာအခန်းများရှေ့၌ ကာသောနံရံသည်အလျားအတောင်ငါးဆယ်ရှိ၏။ ၈ ပြင်တံတိုင်းနှင့်ဆိုင်သောအခန်းတို့သည်အလျားအတောင်ငါးဆယ်ရှိကြ၏။ ဗိမာန်တော်ရှေ့မှာအလျားသည်အတောင်တရာရှိ၏။ ၉ ပြင်တံတိုင်းမှ လာ၍၊ ထိုအခန်းများခြေရင်းအရှေ့ဘက်၌ ဝင်ရာလမ်းရှိ၏။ ၁၀ အိမ်တော်တောင်ဘက်၊ လွတ်လပ်သောအရပ်ကိုကာသော တံတိုင်းနံရံ၌ လည်းအခန်းများရှိကြ၏။ ၁၁ ထိုအခန်းစုရှေ့မှာရှိသောစင်္ကြံမှစ၍အခန်းအလျားအနံ၊ ထွက်ရာဝင်ရာတံခါးရှိသမျှတို့သည်မြောက်အခန်းစုနှင့်ပုံသဏ္ဍာန်တူကြ၏။ ၁၂ တောင်ခန်းတံခါးတို့သည်လည်းမြောက်တံခါးတို့နှင့်တူသည်ဖြစ်၍၊ တံတိုင်း တဘက်တချက်၊ အရှေ့သို့မျက်နှာပြုသောစင်္ကြံဦး၌ ဝင်ရာတံခါးဝရှိ၏။
၁၃ တိုင်းသောသူကလည်း၊ လွတ်လပ်သောအရပ်ရှေ့မှာမြောက်ခန်းနှင့်တောင်ခန်းတို့သည်သန့်ရှင်းသောအခန်း၊ ထာဝရဘုရား ထံတော်သို့ချဉ်းကပ်သောယဇ်ပုရောဟိတ်တို့သည်အလွန်သန့်ရှင်းသောအရာများကိုစားရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည်သန့်ရှင်းသောကြောင့်အလွန်သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကိုထားရာအရပ် ဖြစ်၏။ ၁၄ ယာဇ်ပရောဟိတ်တို့သည်ဝင်သောအခါအမှုတော်ဆောင်အဝတ်ကိုဝတ်လျက်၊ သန့်ရှင်သောအရပ်မှပြင်တံတိုင်းသို့ မထွက်ရ။ ထိုအဝတ်သန့်ရှင်သောကြောင့်ချွတ်ထား၍အခြားသောအဝတ်ကိုဝတ်ပြီးမှ၊ လူများရှိရာသို့ထွက်သွားရလိမ့်ကြမည်ဟုငါ့အားပြောဆို၏။
၁၅ အတွင်းဗိမာန်တော်ကိုတိုင်းပြီးသည်နောက်၊ အရှေ့တံခါးပြင်သို့ခေါ်သွား၍၊ ၁၆ တိုင်းစရာကျူလုံးနှင့်အရှေ့မျက်နှာကို တိုင်းလျှင်ကျူလုံးအပြန်ငါးရာရှိ၏။ ၁၇ မြောက်မျက်နှာကိုတိုင်းလျှင်လည်းကျူလုံးအပြန်ငါးရာရှိ၏။ ၁၈ တောင်မျက်နှာကိုတိုင်းလျှင်လည်းကျူလုံအပြန်ငါးရာရှိ၏။ ၁၉ အနောက်မျက်နှာကိုတိုင်းလျှင်လည်းကျူလုံးအပြန်ငါးရာရှိ၏။ ၂၀ လေးမျက်နှာကိုတိုင်း၍ပတ်လည်၌ ရှိသောတံတိုင်းသည်သန့်ရှင်သောအရပ်၊ မသန့်ရှင်းသောအရပ်တို့ကိုပိုင်းခြားလျက်အလျားအပြန်ငါးရာ၊ အနံလည်းအပြန်ငါးရာရှိ၏။