ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂
ပုန်ကန်တတ်သော ဣသရေလ လူမျိုးထံ ယေဇကျေလကိုလွှတ်
၁ ထိုဗျာဒိတ်တော် ရူပါရုံကို ငါမြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်းလူသား မတ်တပ်နေလော့။ သင့်အား ငါပြောမည်၊ ဟုငါအားဆိုသံကို ငါကြား၏။ ၂ ထိုသို့ဆိုသောအခါ၊ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တပ်နေစေသဖြင့်၊ ငါနှင့် ပြောသောသူ၏ စကားကို ငါကြားသည်ကား၊ ၃ အချင်းလူသား၊ ငါ့ကို ပုန်ကန်တတ်သော အမျိုးတည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါ့ကိုအစဉ် ပုန်ကန်၍ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်မည်။ ၄ ရဲသောမျက်နှာနှင့် ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင် ထာဝရဘုရား မိန့်တော်မူသည်၊ ဟုသူတို့အား ပြောရမည်။ ၅ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက် ရှိသည်ကို သိရကြမည်။ ၆ အချင်းလူသား သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့ စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့စကားကို မကြောက်နှင့်။ သူတို့ မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်၊ ၇ သူတို့သည် အလွန် ပုန်ကန်တတ်သော သဘောရှိသည်ဖြစ်၍ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ငါ့စကားကို သူတို့အား ဟောပြောရမည်။
ပုန်ကန်တတ်သော ဣသရေလ ကဲ့သို့မဖြစ်နှင့်
၈ အချင်းလူသား ငါပြောသော စကားကို နားထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့၊ ပုန်ကန်သော သဘောမရှိနှင့်။ သင့်ပါးစပ်ကိုဖွင့်၍ ငါပေးသော အရာကို စားလော့၊ ဟုမိန့်တော်မူလျှင်၊ ၉ ငါကြည့်၍ စာလိပ်ပါသော လက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။ ၁၀ ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ တဘက်တချက်၌ အက္ခရာတင်၍ ငိုကြွေး မြည်တမ်းခြင်းအချက်၊ စိတ်မသာ ညည်းတွားခြင်းအချက်၊ အမင်္ဂလာအချက်များ ပါသတည်း။