ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၈
၁ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၂ အဘတို့သည်ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည်သွာကျိန်းလျက်ရှိကြ၏ဟုသင်တို့သည်ဣသရေလပြည်ကိုရည်မှတ်၍စကားပုံကိုသုံးသောအခါအဘယ်သို့ဆိုလိုသနည်း။ ၃ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်းနောက်တဖန်ဣသရေလပြည်၌ ထိုစကား ပုံကိုသုံးရသောအကြောင်းမရှိရ။ ၄ ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည်အသက်သေရမည်။ ၅ လူမည်သည်ကား၊ သဘောဖြောင့်၍တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြုလျှင်၎င်း၊ ၆ တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သောရုပ်တုတို့ကိုမဖူးမမျှော်၊ သူ့မယားကိုမပစ်မှား၊ ဥတုရောက်သောမိန်းမကိုမချဉ်းကပ်၊ ၇ အဘယ်သူကိုမျှမညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသောဥစ္စာကိုပြန်၍မပေးမနေ၊ သူ့ဥစ္စာကိုအနိုင့်အထက်မလုမယူ။ ငတ်မွတ်သောသူကိုကျွေးမွေး၍၊ အဝတ်မရှိသောသူကိုအဝတ်နှင့်ဖုံးလွှမ်းလျှင်၎င်း၊ ၈ အတိုးစား၍ငွေကိုမချေး၊ အဓမ္မအမှုကိုလက်မခံ၊ သူတပါးအမှုကိုတရားသဖြင့်စီရင်ခြင်း၊ ၉ ငါစီရင်ထုံးဖွဲ့သည်အတိုင်း ကျင့်၍သစ္စာစောင့်သိခြင်းကိုပြုလျှင်၎င်း၊ ထိုသူသည်ဖြောင့်မတ်သောသူဖြစ်၏။ အကယ်စင်စစ်အသက်ရှင်ရလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၀ သို့ရာတွင်၊ ထိုသူ၏သားသည်ထားပြတိုက်သောသူ၊ လူ့အသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသောဒုစရိုက်တစုံတခုကိုပြုသောသူ၊ ၁၁ အရင်ဆိုခဲ့ပြီးသောသုစရိုက်ကိုမပြု၊ တောင်ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ၁၁ ဆင်းရဲ ငတ်မွတ်သောသူကိုညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကိုအနိုင်အထက်လုယူခြင်း၊ ပေါင်ထားသောဥစ္စာကိုပြန်မပေးဘဲနေခြင်း၊ ရုပ်တုကိုဖူးမျှော်ခြင်း၊ ရွံရှာဘွယ်သောအမှုကိုပြုခြင်း၊ ၁၃ အတိုးစား၍ငွေချေးခြင်းကိုပြုသောသူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံရှာဖွယ်သောအမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
၁၄ သို့ရာတွင်၊ ထိုသူ၏သားသည်အဘပြုသမျှသောဒုစရိုက်တို့ကိုမြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သောအမှုတို့ကိုမပြု၊ ၁၅ တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သောရုပ်တုတို့ကိုမဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား။ ၁၆ အဘယ်သူကိုမျှမညှဉ်းဆဲ၊ ပေါင်ထားသောဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကိုအနိုင်ထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသောသူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း၊ ၁၇ ဆင်းရဲသောသူကိုချမ်းသာပေးခြင်း၊ အတိုးမစားဘဲငွေချေးခြင်းကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကိုစောင့်ရှောက်လျှင်၊ ထိုသူသည်အဘ၏အပြစ်ကြောင့်အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။ ၁၈ အဘမူကား၊ မိမိညီအစ်ကိုအထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကိုအနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကိုပြုသောအပြစ်ကြောင့်အသေသတ်ခြင်းကိုခံရမည်။ ၁၉ သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည်အဘ၏အပြစ်ကိုမခံရသလောဟုမေးကြသော်လည်း၊ သားသည်တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်းကျင့်စောင့်လျက်၊ စင်စစ်အသက်ရှင်ရလိမ့်မည်။ ၂၀ ပြစ်မှားသောသူသည်အသေခံရမည် ။ သားသည် အဘ၏အပြစ်ကိုမခံရ။ အဘသည်သား၏အပြစ်ကိုမခံရ။ တရားသောသူသည်တရားစွာပြုခြင်းအကျိုးကို၎င်း၊ မတရားသောသူသည်မတရားစွာပြုခြင်းအပြစ်ကို၎င်းခံရလိမ့်မည်။ ၂၁ သို့ရာတွင်မတရားသောသူသည်၊ မိမိပြုမိသမျှသောဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှတို့ကိုစောင့်ရှောက်၍၊ မတရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့် ကင်းလွတ်၍စင်စစ်အသက်ရှင်ရလိမ့်မည်။
၂၂ မိမိပြုမိသမျှသောဒုစရိုက်တို့ကိုအပြစ်တို့ကိုသူ့တဘက်၌ မမှတ်ရ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့်အသက်ရှင်ရလိမ့်မည်။ ၂၃ မတရားသောသူသည်မိမိအကျင့်တို့ကိုရှောင်၍အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ခြင်းရှိသလော။ ၂၄ သို့ရာတွင်၊ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသောစက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို၎င်းပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသောဖြောင့်မတ်ခြင်းအမှုတို့ကိုမမှတ်၊ သူသည်လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့်အသေသတ်ခြင်းကိုခံရလိမ့်မည်။
၂၅ သို့သော်လည်းသင်တို့က၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟုဆိုကြသည်တကား။ အိုဣသရေလအမျိုး၊ ငါစီရင်ချက်သည်ဖြောင့်မတ်၍၊ သင်တို့စီရင်ချက်ကောက်သည်မဟုတ်လော၊ ၂၆ တရားစီရင်သောသူသည်တရားသောအမှုကိုပယ်၍ အဓမ္မအမှုကိုပြုလျှင်၊ ထိုအမှုကြောင့်သေရမည်။ ပြုမိသောအဓမ္မအမှုကြောင့်အသေသတ်ခြင်းကိုခံရမည်။ ၂၇ ထိုအတူ၊ မတရားသောသူသည်မိမိပြုမိသောအဓမ္မအမှုကိုရှောင်၍တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြုလျှင်၊ မိမိအသက်ကိုကယ်နှုတ်ရလိမ့်မည်။ ၂၈ ပြုမိသမျှသောအဓမ္မအမှုတို့ကိုဆင်ခြင်၍ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍စင်စစ်အသက်ရှင်ရလိမ့်မည်။
၂၉ သို့သော်လည်းဣသရေလအမျိုးက၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟုဆိုကြသည်တကား၊ အိုဣသရေလအမျိုး၊ ငါစီရင်ချက်သည်ဖြောင့်၍၊ သင်တို့စီရင်ချက်သည်ကောက်သည်မဟုတ်လော။ ၃၀ သို့ဖြစ်၍အိုဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်းအကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည်အဓမ္မအမှုရှိသမျှတို့ကိုစွန့်ပစ်၍ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့်ထိမိ၍ဆုံးခြင်းသို့မရောက်ကြနှင့်။ ၃၁ သင်တို့သည်ပြုသမျှသောလွန်ကျူးခြင်း အမှုတို့ကိုစွန့်ပစ်၍အသစ်သောနှလုံး၊ အသစ်သောစိတ်သဘောကိုပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့်အသေသတ်ခြင်းကိုခံလိုသနည်း။ ၃၂ အသေခံရသောသူ၏အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်ပြောင်းလဲ၍အသက်ရှင်ကြလော့ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။