ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၇
၁ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၂ အချင်းလူသား၊ သင်သည်ဣသရေလ အမျိုးအားစကားထာဝှက်၍၊ ပုံပြောလျက်၊ ၃ ထာဝရဘုရားမိန့်တော်မူသောစကားကိုဆင့်ဆိုရမည်မှာ၊ ထူးခြားသော အဆင်းအရောင်၊ များပြားသောအမွေးနှင့်ပြည့်စုံ၍၊ ရှည်လျားကြီးမားသောအတောင်ရှိသောလင်းယုန်ကြီးသည်လေဗနုန် တောင်သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊ ၄ အမြင့်ဆုံးသောအညွန့်တို့ကိုချိုးဆိတ်၍ကုန်သွယ်ရာပြည်သို့ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌ စိုက်လေ၏။ ၅ မျိုးစေ့ကိုလည်းယူ၍ရေများရာလယ်ကွက်၌ ပျိုးလျက်မိုးမခပင်ကဲ့သို့ ထားလေ၏။ ၆ အရပ်နိမ့်လျက်ရှည်လျားစွာနွယ်သောစပျစ်နွယ်ပင်ပေါက်၍၊ မိမိအခက်အလက်တို့ကိုလင်းယုန်ရှိရာသို့ ညွတ်လျက်သူ့အောက်သို့အမြစ်ထိုးသဖြင့်အကိုင်းအခက်အလက်အညွန့်တို့နှင့်ပြည့်စုံသောစပျစ်နွယ်ပင်ဖြစ်လေ၏။ ၇ အမွေးထူထပ်၍ကြီးစွာသောအတောင်ရှိသောလင်းယုန်ကြီးတကောင်ရှိ၏။ စပျစ်ပင်သည်မိမိစိုက်ရာချောင်းမြောင်းနားမှာထိုလင်းယုန်၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှါ၊ သူရှိရာသို့အမြစ်သွယ်ဝိုက်၍အကိုင်းလည်းထိုးလေ၏။ ၈ အခက်အ လက်နှင့်ပြည့်စုံ၍အသီးကိုသီးသဖြင့်၊ သန်မြန်သောစပျစ်နွယ်ပင်ဖြစ်စေခြင်းငှါရေများရာအရပ်မြေကောင်းသောအရပ်လယ်ကွက်၌ ထိုအပင်ကိုစိုက်လေပြီ။ ၉ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှါအမြစ်ကိုနှုတ်၍အသီးကိုဆွတ်ရမည်မဟုတ်လော။ ပေါက်လေသမျှသောအရွက်တို့သည်ညှိုးနွမ်းရလိမ့်မည်။ အမြစ်နှင့်တကွသုတ်သင်ပယ်ရှားခြင်းအမှုကိုပြီးစေခြင်းငှါကြီးသောတန်ခိုးနှင့်များပြားသော အလုံးအရင်းကိုအလိုမရှိ။ ၁၀ စိုက်လျက်ရှိ၍ကောင်းစားရမည်လော။ အရှေ့လေတိုက်သောအခါအကုန်အစင်ညှိုးနွမ်းရ မည်မဟုတ်လော။ ကြီးပွားသောလယ်ကွက်၌ ညှိုးနွမ်းရမည်ဟုမိန့်တော်မူ၏။
၁၁ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၁၂ ပုန်ကန်တတ်သောအမျိုးအားသင်ပြော ရမည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကိုနားလည်ကြသလော။ ဗာဗုလုန်ရှင်ဘုရင်သည်ယေရုရှလင်မြို့သို့ရောက်၍ယေရုရှလင်ဘုရင်နှင့်မှူးတော်မတ်တော်တို့ကိုဗာဗုလုန်မြို့သို့သိမ်းသွားပြီ။ ၁၃ ဆွေတော်မျိုးတော်ထဲကတယောက်ကိုယူ၍၊ ပဋိညာဉ်ဖွဲ့လျက်သစ္စာတိုက်လေပြီ။ ၁၄ ထိုနိုင်ငံသည်ယုတ်ညံ့၍နောက်တဖန်မထမကြွဘဲ၊ သစ္စာတော်ကိုစောင့်သောအား ဖြင့်သာတည်စေခြင်းငှါ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်းသိမ်းသွားပြီ။ ၁၅ သို့ရာတွင်၊ မြင်းများ၊ လူများတို့ကိုတောင်းခြင်းငှါသံတမန်ကိုအဲဂုတ္တုပြည်သို့စေလွှတ်၍ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည်ကောင်းစားရမည်လော။ ဘေးလွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။ ၁၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ်ရှင်ဘုရင်အရာ၌ ခန့်ထားသောရှင်ဘုရင်၏သစ္စာကိုမရိုမသေပြု၍ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌ သေရလိမ့်မည်။ ၁၇ ဖာရောဘုရင်သည်လည်းလူများတို့ကိုသတ်ခြင်းငှါ၊ အားကြီးသောဗိုလ်ပါအလုံးအရင်းနှင့်အတူမြေရိုးတို့ကိုဖို့၍ရဲတိုက်တို့ကိုဆောက်သော်လည်း၊ သူတို့အဘို့စစ်တိုက်၍မနိုင်ရာ။ ၁၈ အကြောင်း မူကား၊ ယေရုရှလင်မင်းသည်လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ပဋိညာဉ်ကိုဖျက်လျက်ဤအမှုအလုံးစုံတို့ကိုပြုသောကြောင့်ဘေးမျှမလွတ်ရ။ ၁၉ ထို့ကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ်ငါ၏သစ္စာကိုမရိုမသေပြု၍ငါ၏ပဋိညာဉ်ကိုဖျက်သောကြောင့်သူ၏ခေါင်းပေါ်သို့ငါသက်ရောက်စေမည်။ ၂၀ ငါသည်ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့်ကျော့ပြီလျှင်၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ငါ့ကိုပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။ ၂၁ သူ့ထံမှပြေးသောသူများနှင့်သူရဲများအပေါင်းတို့သည်၊ ဓါးဖြင့်ဆုံးခဲ့ခြင်းသို့ရောက်၍ ကြွင်းကျန်သောသူတို့သည်အရပ်ရပ်သို့ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့သိရကြလိမ့်မည်ဟုမိန့်တော်မူသည်။
၂၂ တဖန်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြင့်သောအာရဇ်ပင်၌ အမြင့်ဆုံးသောအညွန့်ကိုငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင်နုသောအညွန့်ကိုဆိတ်၍၊ မြင့်မြတ်သောတောင်ပေါ်မှာစိုက်မည်။ ၂၃ အမြင့်ဆုံးသောဣသရေလတောင် ပေါ်မှာငါစိုက်ပြီးမှအခက်အလက်နှင့်ပြည့်စုံ၍အသီးကိုသီးသဖြင့်၊ ကောင်းမွန်သောစပျစ်နွယ်ပင်ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌ ၎င်း၊ အခက်အလက်အရိပ်၌ ၎င်း၊ ငှက်မျိုးအပေါင်းတို့သည်နေရာကျကြလိမ့်မည်။ ၂၄ ငါထာဝရဘုရားသည်မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကိုချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကိုသွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည်သိရကြလိမ့်မည်။ ငါထာဝရဘုရားသည်စကားတော်ရှိသည်အတိုင်းပြုမည်ဟုမိန့်တော်မူ၏။