ယေရမိ မြည်တမ်းစကား
အခန်းကြီး ၅
၁ အိုထာဝရဘုရား၊ အကျွန်ုပ်တို့၌ ရောက်သောအမှုကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသောကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင်ခြင်တော်မူပါ။ ၂ အကျွန်ုပ်တို့အမွေခံရာမြေသည်တပါးအမျိုးသားတို့လက်သို့၎င်း၊ နေရာအိမ်တို့သည်လည်းတကျွန်းတနိုင်ငံသားတို့လက်သို့၎င်းရောက်ပါပြီ။ ၃ အကျွန်ုပ်တို့သည်မိဘမရှိသောသူငယ်ဖြစ်ကြပါ၏။ အဘဆုံးပါပြီ။ အမိသည်မုဆိုးမကဲ့သို့နေရပါ၏။ ၄ ငွေပေးမှရေကိုသောက်ရပါ၏။ ထင်းကိုလည်းဝယ်ရပါ၏။ ၅ ထမ်းပိုးကိုအစဉ်ထမ်းရပါ၏။ မရပ်မနေလုပ်ကိုင်ရပါ၏။ ၆ စားစရာကိုရခြင်းငှါအဲဂုတ္တုပြည်သားအာရှုရိပြည်သားတို့၌ ကျွန်ခံရပါ၏။ ၇ ဘိုးဘေးတို့ သည်ပြစ်မှား၍သေပြီးမှအကျွန်ုပ်တို့သည်သူတို့အပြစ်များကိုခံရပါ၏။ ၈ သူ့ကျွန်တို့သည်အကျွန်ုပ်တို့ကိုအုပ်စိုးကြပါ၏။ သူတို့လက်မှအဘယ်သူမျှမကယ်မနှုတ်ပါ။ ၉ တော၌ ဓါးဘေးနှင့်တွေ့၍အသေခံလျက်စားစရာကိုရှာကြရပါ၏။ ၁၀ မွတ်သိပ်ခြင်းအရှိန်ကြောင့်အကျွန်ုပ်တို့၏အရေသည်မီးဖိုကဲ့သို့မည်းပါ၏။
၁၁ ဇိအုန်မြို့၌ မိန်းမများကို၎င်း၊ ယုဒမြို့ရွာတို့၌ မိန်းမကို၎င်း၊ အဓမ္မပြုကြပါ၏။ ၁၂ မှူးမတ်တို့ကိုလက်ဖြင့်ဆွဲထားကြပါ၏။ အသက်ကြီးသောသူတို့ကိုလည်းမရိုသေကြပါ။ ၁၃ လူတို့သည် ကြိတ်ဆုံကိုထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာလဲရကြပါ၏။ ၁၄ အသက်ကြီးသူတို့သည်မြို့တံခါးဝ၌ ၎င်း၊ လူတို့သည်ပွဲသဘင်၌ ၎င်း၊ ကွယ်ပျောက်ကြပါ၏။ ၁၅ အကျွန်ုပ်တို့သည်နှလုံးရွှင်လန်းခြင်းပြတ်၍၊ ကခြင်းအရာ၌ ညည်းတွားခြင်းရှိကြပါ၏။ ၁၆ အကျွန်ုပ်တို့ဆောင်းသော သရဖူသည်ကျပါပြီ။ အကျွန်ုပ်တို့သည်ပြစ်မှားသောကြောင့်အမင်္ဂလာရှိကြပါ၏။ ၁၇ ထိုကြော့င်အကျွန်ုပ်တို့သည်စိတ်ပျက် ကြပါပြီ။ ထိုအပြစ်ကြောင့်မျက်စိတို့သည်လည်းမွဲကြပါပြီ။ ၁၈ လူသူဆိတ်ညံလျက်ရှိသောဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။ ၁၉ အိုထာဝရဘုရား ကိုယ်တော်သည် နိစ္စအမြဲတည်တော်မူ၏။ ပလ္လင်တော်သည်လည်းထာဝရပလ္လင်ဖြစ်ပါ၏။ ၂၀ ကိုယ်တော်သည်အဘယ်ကြောင့်အကျွန်ုပ်တို့ကိုအစဉ်မပြတ်မေလျော့တော်မူသနည်း။ အဘယ်ကြောင့်ကာလကြာမြင့်စွာစွန့်ပစ်တော်မူသနည်း။ ၂၁ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည်ပြန်၍လာကြပါမည်။ ရှေးကာလကဲ့သို့အကျွန်ုပ်တို့ပြန်၍လာကြပါမည်။ ရှေးကာလကဲ့သို့အကျွန်ုပ်တို့ကာလကိုအသစ်ပြန်ပြုပြင်တော်မူပါ။ ၂၂ အကယ်၍ကိုယ်တော်သည်အကျွန်ုပ်တို့ကိုရှင်းရှင်းပယ်တော်မူမည်လော။ ပြင်းစွာအမျက်ထွက်တော်မူမည်လော။
ပရောဖက်ယေရမိမြည်တမ်းသောစကားပြီး၏။