-
AA
+
🡀
|
🡂
ယေရမိ မြည်တမ်းစကား
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ယေရမိ မြည်တမ်းစကား
အခန်းကြီး ၃



ငါသည်ဘုရားသခင်၏အမျက်တော်ကြိမ်လုံးအောက်၌ ဆင်းရဲခြင်းကိုခံရသောသူဖြစ်၏။ ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက်ထဲသို့ပို့ဆောင်တော်မူ၏။ အကယ်စင်စစ်ငါ့ကိုတနေ့လုံးအထပ်ထပ်ဒဏ်ခတ်တော်မူ၏။ ငါ့အရေနှင့်အသားကိုဆွေးရိစေ၍၊ ငါ့အရိုးတို့ကိုလည်းချိုးတော်မူ၏။ ငါ့တဘက်၌ တပ်တည်၍ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့်ဝိုင်းတော်မူ၏။ သေလွန်သောသူတို့ကိုပြုတတ်သကဲ့သို့၊ ငါ့ကိုမိုက်သောအရပ်သို့ထားတော်မူ၏။ ငါမထွက်နိုင်အောင်ဝင်းခတ်၍လေးသောသံကြိုးနှင့်ချည်နှောင်တော်မူ၏၊ ထိုမျှမကငါသည်ကြွေးကြော်အော်ဟစ်၍ဆုတောင်းသော်လည်းငြင်းပယ်တော်မူ၏။ ငါသွားရာလမ်းကိုကျောက်ထရံနှင့်ပိတ်၍ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။ ၁၀ ငါ့ကိုချောင်းမြောင်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသောအရပ်၌ နေသောခြင်္သေ့ကဲ့သို့၎င်း၊ ဖြစ်တော်မူ၏။ ၁၁ ငါ့ကိုလမ်းလွဲစေပြီးလျှင်အပိုင်းပိုင်းဖြတ်၍ဖျက်ဆီးတော်မူ၏။ ၁၂ လေးတော်ကိုတင်၍ပစ်စရာစက်အရာ၌ ငါ့ကိုထားတော်မူ၏။ ၁၃ မြှားတော်တို့ကိုလည်းငါ့ကျောက်ကပ်ကိုခွင်းစေတော်မူ၏။ ၁၄ ငါသည်ငါ၏လူတို့တွင်ကဲ့ရဲ့စရာအကြောင်းနှင့်တနေ့လုံးသီချင်းဆိုစရာအကြောင်းဖြစ်ပါသည်တကား။ ၁၅ ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယဇ်မူးစေတော်မူ၏။ ၁၆ ကျောက်စရစ်ကိုကျွေး၍ငါ့သွားတို့ကိုချိုးတော်မူ၏။ မီးဖိုပြာနှင့်ဖုံးအုပ်တော်မူ၏။ ၁၇ ငါ၏ဝိညာဉ်ကိုချမ်းသာနှင့်ဝေးစွာရွေ့တော်မူသောကြောင့်၊ ငါသည်မင်္ဂလာအကြောင်းကိုမေ့လျော့၏။ ၁၈ သို့ဖြစ်၍ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့်မြော်လင့်စရာအကြောင်းပျက်လေပြီဟုဆိုရ၏။
CROSS REFERENCES






၁၉ အ​ကျွန်ုပ်ခံရသောဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့်သည်းခြေအရည်ကို၎င်းအောက်မေ့တော်မူပါ။ ၂၀ ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။ ၂၁ ထိုသို့အ​ကျွန်ုပ်၏စိတ်နှလုံးသည်ဆင်ခြင်၍သတိရှိသောအခါမြော်လင့်စရာအခွင့်ရှိပါ၏။ ၂၂ ထာဝရဘုရားသည်သနားတော်မူ၍ကရုဏာတော်သည်မကုန်သောကြောင့်၊ ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။ ၂၃ နံနက်တိုင်းကရုဏာတော်အသစ်ကိုခံရကြ၏။ သစ္စာတော်သည်ကြီးမြတ်ပါ၏။ ၂၄ ငါ့ဝိညာဉ်၏သဘော ဟူမူကား၊ ထာဝရဘုရားသည်ငါ၏အဘို့ဖြစ်တော်မူ၏။ ထို့ကြောင့်ကိုယ်တော်ကိုငါမြော်လင့်ပါ၏။ ၂၅ ကိုယ်တော်ကိုမြော်လင့်သောသူနှင့်ကိုယ်တော်ကိုရှာသောသူ၏စိတ်ဝိညာဉ်အားထာဝရဘုရားကျေးဇူးပြုတော်မူ၏။ ၂၆ ကယ်တင်တော်မူမည်ဟုမြော်လင့်လျက်ငြိမ်ဝပ်စွာစောင့်၍နေကောင်း၏။ ၂၇ လူသည်အသက်ပျိုစဉ်အခါထမ်းပိုးကိုထမ်းကောင်း၏။ ၂၈ ထမ်းပိုးကိုတင်တော်မူသောကြောင့်တယောက်တည်းထိုင်၍ငြိမ်ဝပ်စွာနေစေ။ ၂၉ မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟုထင်လျက်၊ မိမိနှုတ်ကိုမြေမှုန့်၌ ကပ်စေ။ ၃၀ ရိုက်သောသူအားမိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်ပြည့်ဝစေ။၃၁ အကြောင်းမူကားထာဝရဘုရားသည်အစဉ်စွန့်ပစ်တော်မမူတတ်။ ၃၂ ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော်များ ပြားသည်နှင့်အညီသနားတော်မူလိမ့်မည်။ ၃၃ ဆင်းရဲစေချင်သောစိတ်နှင့်လူသားတို့ကိုညှဉ်းဆဲ၍၊ ဝမ်းနည်းစေတော်မူသည် မဟုတ်။ ၃၄ ချုပ်ထားသောပြည်သားအပေါင်းတို့ကို​ခြေနှင့်နင်းကြိတ်ခြင်းအမှု၊ ၃၅ လူခံထိုက်သောတရားကိုအမြင့်ဆုံးသောဘုရားမျက်မှောက်၌ ဖျက်ခြင်းအမှု၊ ၃၆ သူတပါးကိုမတရားသဖြင့်ရှုံးစေခြင်းအမှုတို့ကိုထာဝရဘုရားနှစ်သက်တော်မမူ။ ၃၇ ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူသည်ပြော၍တစုံတခုကိုဖြစ်စေနိုင်သနည်း၊ ၃၈ အမြင့်ဆုံးသောဘုရား၏နှုတ်တော်ထွက်ရှိသည်အတိုင်း၊ မင်္ဂလာနှင့်အမင်္ဂလာဖြစ်တတ်သည်မဟုတ်လော။ ၃၉ အသက်ရှင်သောလူသတ္တဝါသည်အဘယ်ကြောင့်မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့်မြည်တမ်းရမည်လော။ ၄၀ ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကိုစစ်ကြောစုံစမ်း၍၊ [A] ထာဝရဘုရားထံတော်သို့ပြန်သွားကြကုန်အံ့။ ၄၁ ကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်ထံတော်သို့နှလုံးနှင့်လက်တို့ကိုချီကြွကြကုန်အံ့။ ၄၂ အ​ကျွန်ုပ်တို့သည်ပြစ်မှားပုန်ကန်မိပါပြီ။ ကိုယ်တော်သည်အပြစ်လွှတ်တော်မမူပါ။ ၄၃ အမျက်တော်ထွက်၍မျက်နှာလွှဲတော်မူ၏။ တဖန်အ​ကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲကွပ်မျက်တော်မူ၏။ ၄၄ အ​ကျွန်ုပ်တို့၏ပဌနာစကားသည်အထံတော်သို့မပေါက်နိုင်အောင် မိုးတိမ်ဖြင့်ကိုယ်ကိုကွယ်ကာတော်မူ၏။ ၄၅ အ​ကျွန်ုပ်တို့ကိုလူမျိုးတို့တွင်လှည်းပစ်သောတန်မြက်ချေးအမှိုက်ကဲ့သို့၎င်း၊ [B] ရွံစရာအရာကဲ့သို့၎င်း၊ ဖြစ်စေတော်မူ၏။ ၄၆ ရန်သူအပေါင်းတို့သည်အ​ကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖွင့်ကြပါ၏။ ၄၇ အ​ကျွန်ုပ်တို့သည်ကြောက်လန့်ဘွယ်သောအရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှားဖျက်ဆီးခြင်းထဲသို့၎င်း၊ ရောက်ကြပါပြီ။ ၄၈ ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါ့မျက်စိသည်မြစ်ရေဖြစ်၍စီးလျက်ရှိ၏။ ၄၉ ထာဝရဘုရားသည် ကောင်းကင်ကငုံ့ကြည့်၍ရှုမှတ်တော်မမူမှီတိုင်အောင်၊ ၅၀ ငါ့မျက်ရည်သည်ကျ၍အစဉ်မပြတ်ယိုစီးလျက်ရှိ၏၊ ၅၁ ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်ငါ့မျက်စိသည်ငါ့နှလုံးကိုပူစေတတ်၏။ ၅၂ အကြောင်းမရှိဘဲငါ့ကိုရန်ပြုသောသူတို့သည်ငှက်ကိုလိုက်၍ ရှာသကဲ့သို့ငါ့ကိုလိုက်၍ရှာကြ၏။ ၅၃ မြေကြီးတွင်း၌ ငါ့အသက်ကိုဖြတ်၍ငါ့အပေါ်မှာကျောက်ကိုတင်ထားကြ၏။ ၅၄ ငါ့ခေါင်းကိုရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည်ဆုံးရှုံးပြီဟုဆိုရ၏။ ၅၅ အိုထာဝရဘုရားနက်သောမြေတွင်းထဲကအ​ကျွန်ုပ်သည်ကိုယ်တော်၏နာမကိုခေါ်ပါ၏။ ၅၆ အ​ကျွန်ုပ်ခေါ်သံကိုကြားတော်မူသည်ဖြစ်၍၊ အ​ကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါနားတော်ကိုလွှဲတော်မမူပါနှင့်။ ၅၇ အ​ကျွန်ုပ်သည် ကိုယ်တော်ကိုဟစ်အော်သောအခါ၊ ကိုယ်တော်သည်ချဉ်းကပ်တော်မူ၍မကြောက်နှင့်ဟုမိန့်တော်မူပြီ။ ၅၈ အိုထာဝရဘုရား၊ ကိုယ်တော်သည်အ​ကျွန်ုပ်အသက်နှင့်ဆိုင်သောအမှုကိုစောင့်၍ရွေးနှုတ်တော်မူပြီ။ ၅၉ အိုထာဝရဘုရားကိုယ်တော်သည်အ​ကျွန်ုပ်ခံရသောညှဉ်းဆဲခြင်းကိုမြင်တော်မူပြီ။ အ​ကျွန်ုပ်အဘို့တရားစီရင်တော်မူပါ။ ၆၀ သူတို့သည်အ​ကျွန်ုပ်ကိုရန်ငြိုးဖွဲ့သမျှနှင့်မကောင်းသောအကြံရှိသမျှကိုကိုယ်တော်မြင်တော်မူပြီ။ ၆၁ အိုထာဝရဘုရားသူတို့ကဲ့ရဲ့သောအကြောင်းနှင့်မကောင်းသောအကြံရှိသမျှကို၎င်း၊ ၆၂ အ​ကျွန်ုပ်တဘက်၌ ထသောသူတို့၏အပြစ်တင်ခြင်း၊ အ​ကျွန်ုပ်တဘက်၌ တနေ့လုံးကြံစည်ခြင်းကို၎င်း၊ ကိုယ်တော်ကြားတော်မူပြီ။၆၃ သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အ​ကျွန်ုပ်သည်သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။ ၆၄ အိုထာဝရဘုရားသူတို့ကျင့်သောအကျင့်နှင့်အလျောက်အကျိုးအပြစ်ကိုဆပ်ပေးတော်မူပါ။ ၆၅ သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ကျိန်တော်မူပါ။ ၆၆ အမျက်တော်ထွက်၍သူတို့ကိုညဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏မိုးကောင်းကင်အောက်မှသုတ်သင်ပယ်ရှားတော်မူပါ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.