-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၉


ဘုရားကို မသိမမှတ် ဒုစရိုက်မျိုးစုံလုပ်
CROSS REFERENCES






ငါ၏လူမျိုး သတို့သမီးနှင့် ဆိုင်သော အသေကောင်များအတွက်၊ ငါသည် နေ့ညမပြတ် ငိုရမည်အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော်။ ငါသည် ငါ၏လူမျိုးကို စွန့်၍ ထွက်သွားနိုင်အောင် တော၌ တဲစခန်းရှိပါစေသော်။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသောသူ၊ သစ္စာပျက်သော အစည်းအဝေး ဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့်တင်ကြ၏။ သမ္မာတရား [A]ကို အမှီမပြုဘဲ မြေကြီးပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှုကို ထပ်၍ ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။ လူတိုင်း မိမိအပေါင်းအဖေါ်ကို သတိပြုလော့။ မိမိညီအစ်ကိုကို မယုံကြနှင့်။ ညီအစ်ကိုတိုင်း မိမိညီအစ်ကိုအရာကို ဆက်ဆက်လုယူမည်။ အပေါင်းအဖေါ်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြလိမ့်မည်။ အပေါင်းအဖေါ် ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စားကြလိမ့်မည်။ သစ္စာစကားကို မပြောဘဲမုသာစကားကို ပြောခြင်းငှါ မိမိတို့လျှာကို သွန်သင်ကြပြီ။ မတရားသော အမှုကိုပြုသောအားဖြင့် ကိုယ်ကို ပင်ပန်းစေကြပြီ။ သင်၏နေရာသည် မုသာအရပ်ရှိ၏။ အရပ်သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ၏။


သူတို့ကိုအရည်ကျို၍ စုံစမ်းမည်

သို့ဖြစ်၍၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သူတို့ကို အရည်ကျို၍ စုံစမ်းမည်။ သို့မဟုတ် ငါ၏ လူမျိုးသတို့သမီး၌ အဘယ်သို့ ငါပြုရမည်နည်း။ သူတို့လျှာသည် သေစေတတ်သော မြားဖြစ်၏။ ပရိယာယ် စကားကို ပြောတတ်၏။ အပေါင်းအဖေါ်ခြင်းတို့သည် နှုတ်ဖြင့် လောကဝတ်စကားကိုပြော၍ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။ ထိုသို့သော အပြစ်တို့ကို ငါမစစ်ကြောဘဲ နေရမည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။


ယေရုရှလင်မြို့ကို အမှိုက်ပုံဖြစ်စေမည်

၁၀ တောင်များ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည် မရှောက်မသွားရ။ သိုးနွားမြည်သံကို မကြားရ။ မိုးကောင်းကင် ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။ ၁၁ ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေးနေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူဆိတ်ညံရာအရပ်ဖြစ်စေမည်။ ၁၂ ဤအမှုကို နားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏ နှုတ်တော်ထွက်ကို ခံ၍ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ်သူနည်း။ အဘယ်သူမျှ ရှောက်၍ မသွားနိုင်အောင်၊ တပြည်လုံးသည်တောကဲ့သို့ မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီးသနည်း။ ၁၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ငါ့စကားကိုနားမထောင်၊ သူတို့၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ်၍၊ ၁၄ မိမိတို့စိတ်နှလုံး ခိုင်မာခြင်းသို့၎င်း၊ မိရိုးဖလာအတိုင်း ဗာလဘုရားတို့ နောက်သို့၎င်း၊ လိုက်ကြသောကြောင့်၊ ၁၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကိုဒေါနနှင့် ငါ​ကျွေးမည်။ ဆေးခါးနှင့်ရောသော ရေကိုတိုက်မည်။ ၁၆ သူတို့မသိ၊ ဘိုးဘေးမသိဘူးသော လူမျိုးတို့တွင် အရပ်ရပ်၌ ကွဲပြားစေမည်။ ရှင်းရှင်း မဖျက်ဆီးမှီတိုင်အောင်၊ သူတို့နောက်သို့ ဓါးဘေးကို စေလွှတ်မည်။


လုယူဖျက်ဆီးခြင်းကြောင့် ငိုကြွေးကြမည်

၁၇ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုချင်းသည် မတို့ကိုခေါ်၍ လာကြစေ။ လိမ္မာသော မိန်းမတို့ရှိရာသို့ စေလွှတ်၍ လာကြစေ။ ၁၈ ငါတို့သည် မျက်ရည်ကျ၍၊ မျက်ခမ်းထဲက တွေတွေစီးထွက်စေခြင်းငှါ၊ ထိုမိန်းမတို့သည် အလျှင်အမြန်ပြု၍၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ။ ၁၉ နားထောင်ကြ။ ဇိအုန်မြို့၌ ကြားရသော ငိုကြွေးသံဟူမူကား၊ ငါတို့သည် အဘယ်မျှလောက် လုယူဖျက်ဆီးခြင်းကို ခံရသည်တကား။ သူတပါးတို့သည် ငါတို့နေရာများကို ဖြိုချသောကြောင့်၊ ငါတို့သည် ကိုယ်ပြည်ကိုစွန့်၍ အလွန်မိန်းမော တွေဝေကြသည်တကား။ ၂၀ အိုမိန်းမတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်၍၊ နှုတ်တော်ထွက်ကို နာယူကြလော့။ သင်တို့၏သမီးတို့အား ငိုကြွေးခြင်းကို၎င်း၊ အသီးအသီး အပေါင်းအဖေါ်တို့အား မြည်တမ်းခြင်းကို၎င်း သွန်သင်ကြလော့။ ၂၁ သေမင်းသည် ငါတို့ပြတင်းပေါက်သို့ တက်၍၊ ငါတို့ဘုံဗိမာန်ထဲသို့ ဝင်သဖြင့်၊ သူငယ်များကို လမ်းမှပယ်ရှင်း၍၊ လူများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ။ ၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူသေကောင်တို့သည် လယ်ပြင်၌ နောက်ချေးကဲ့သို့၎င်း၊ သိမ်းသူမရှိ၊ ရိတ်သောသူနောက်မှာ ကျန်ရစ်သော ကောက်လှိုင်းကဲ့သို့၎င်း၊ ကျနေကြလိမ့်မည်ဟု ကြားပြောလော့။


ထာ၀ရဘုရားသိခြင်း၌ သာဝါကြွားစေ
CROSS REFERENCES






၂၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။ ၂၄ ဝါကြွားသောသူ မည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ​ဖြောင့်မတ်ခြင်းကို ပြုသော ထာဝရဘုရား ဖြစ်ကြောင်းတည်းဟူသော၊ ငါ့သဘောကို သိနားလည်ခြင်း၌ သာဝါကြွားစေ။ [B] ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


အရေဖျား လှီးခြင်းမခံသောသူများ
CROSS REFERENCES






၂၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရေဖျားလှီးခြင်း [C]ကိုခံသောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊ ၂၆ အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကို ရိတ်တတ်သောလူမျိုး၊ တော၌ နေသောသူ အပေါင်းတို့ကိုငါဆုံးမရသော အချိန်ကာလ ရောက်လိမ့်မည်။ တပါးအမျိုးသား အပေါင်းတို့သည် အရေဖျားလှီးခြင်းကို မခံသောသူ ဖြစ်ကြ၏။ ဣသရေလ အမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံးအားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူ ဖြစ်ကြ၏။









S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.