ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၃
ယုဒလူများ ဘုရားစကား နားမထောင်ဘဲ အဲဂုတ္တုပြည်သို့သွား
၁ ထိုလူများတို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့အား အကုန်အစင် ကြားပြောသည်ရှိသော်၊ ၂ ဟောရှဲသား အာဇရိနှင့် ကာရာသား ယောဟနန်အစရှိသော၊ မာနထောင် လွှားသောသူအပေါင်းတို့က၊ သင်သည် မုသာစကားကို ပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရ ဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။ ၃ ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍၊ ဗာဗုလုန်မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကို အပ်လိုသောငှါ၊ နေရိသား ဗာရုတ်သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊ ၄ ကာရာသား ယောဟနန်အစရှိသော တပ်မှူးများနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌ နေရမည်ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ ၅ အတိုင်းတိုင်း အပြည်ပြည်သို့ နှင်ထုတ်ခြင်းကိုခံရပြီးမှ၊ ယုဒပြည်၌ နေအံ့သောငှါ၊ ၆ ပြန်လာသော ယုဒအမျိုးသား အကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည်၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိ၌ အပ်သောလူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာသား ယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည် ယူ၍၊ ၇ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍ တာပနက်မြို့သို့ ရောက်ကြ၏။
နေဗုခပ်နေဇာသည် အဲဂုတ္တုပြည်တိုင်အောင် သိမ်းမည်
၈ တာပနက်မြို့၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊ ၉ သင်သည် ကြီးသော ကျောက်တို့ကိုကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏ အိမ်တော်ဝနားမှာ ရှိသော အုပ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင်မြုပ်ထားလော့။ ၁၀ သူတို့အားလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် လူကိုစေလွှတ်၍၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခပ်နေဇာကို ဆောင်ခဲ့ပြီးလျှင် ငါမြှုပ်ထားသော ဤကျောက်တို့အပေါ်မှာ သူ၏ ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိတဲတော်ကို ဤကျောက်တို့အပေါ်မှာ ဖြန့်လိမ့်မည်။ ၁၁ ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တုပြည်ကို လုပ်ကြံ၍၊ သေတန်သောသူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ် ထားခြင်းသို့၎င်း၊ ကွပ်မျက်တန်သော သူတို့ကို ကွပ်မျက်ခြင်းသို့၎င်း အပ်လိမ့်မည်။ ၁၂ အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည်လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့်မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်းသည် အဲဂုတ္တုပြည်ကို ဝတ်၍၊ ငြိမ်ဝပ်စွာ ထွက်သွားလိမ့်မည်။ ၁၃ အဲဂုတ္တုပြည် ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတုများကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။