ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၂
ကျန်ကြွင်းသော ယုဒလူတို့က ယေရမိထံ ဆုတောင်းပေးခိုင်း
၁ ထိုအခါ ကာရာသား ဟောဟနန်၊ ဟောရှဲသား ယေဇနိအစရှိသော တပ်မှူးရှိသမျှတို့နှင့် လူအကြီးအငယ် အပေါင်းတို့သည်၊ ပရောဖက် ယေရမိထံသို့ ချဉ်းကပ်၍၊ ၂ အကျွန်ုပ်တို့သည် အထက်က များသော်လည်း၊ ယခုကိုယ်တော်မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည် ဖြစ်၍၊ အကျွန်ုပ်တို့ အသနားတော်ခံသော စကားကို မပယ်ပါနှင့်။ ၃ အကျွန်ုပ်တို့သွားရသော လမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့အား ပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့အဘို့ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား ထံတော်၌၊ ဆုတောင်းပါလော့ဟု တောင်း ပန်ကြ၏။ ၄ ပရောဖက်ယေရမိကလည်း၊ ငါကြား၏။ သင်တို့ပြောသည်အတိုင်း သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းမည်။ ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသမျှတို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ပြောဆို၏။ ၅ သူတို့ကလည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည်၊ ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု ထာဝရဘုရားသည် အကျွန်ုပ်တို့၌ မှန်ကန်၍၊ သစ္စာစောင့်သော သက်သေ ဖြစ်တော်မူစေသတည်း။ ၆ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်သောအခါ၊ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်ကို စေလွှတ်ရာ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်သည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအား ပြောဆိုကြ၏။
ယေရမိက ကျန်ကြွင်းသော ယုဒလူများအဲဂုတ္တုသို့ မသွားဘို့ပြော
၇ ထိုနောက် ဆယ်ရက်ကြာသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လျှင်၊ ၈ ယေရမိသည် ကာရာသား၊ ယောဟနန်မှစ၍၊ သူ၌ ပါသမျှသော တပ်မှူးတို့နှင့် လူအကြီးအငယ် အပေါင်းတို့ကိုခေါ်၍၊ ၉ သင်တို့သည် ငါ့ကိုစေလွှတ်၍ အသနားတော်ခံသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၁၀ အကယ်စင်စစ် သင်တို့သည် ဤပြည်၌ နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင်တို့ကို မနှုတ်၊ စိုက်မည်။ ငါသည်သင်တို့၌ ရောက်စေသော ဘေးဒဏ်ကြောင့် နောင်တရ၏။ ၁၁ သင်တို့ကြောက်တတ်သော ဗာဗုလုန် ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကိုကယ်တင်၍၊ ထိုမင်းလက်မှ နှုတ်ယူခြင်းငှါ သင်တို့ဘက်၌ ရှိ၏။ ၁၂ သင်တို့ကို ငါကယ်မသနားသော အားဖြင့်၊ ထိုရှင်ဘုရင်သည် သင်တို့ကိုသနား၍၊ နေရင်းပြည်သို့ ပြန် စေရလိမ့်မည်။
အဲဂုတ္တုပြည်သို့သွားလျှင် ပျက်စီးလိမ့်မည်
၁၃ သို့မဟုတ်၊ သင်တို့က၊ ငါတို့သည် ဤပြည်၌ မနေ၊ ငါတို့ဘုရားသခင်၏ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ ၁၄ စစ်မှုကိုမတွေ့မမြင်၊ တံပိုးမှုတ်သံကိုမကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်ကိုသွား၍ နေမည်ဟုဆိုလျှင်၊ ၁၅ ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို ကြားကြလော့။ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှါ၊ ကျပ်ကျပ်မျက်နှာ ပြုလျက်၊ ထိုပြည်သို့အမှန်သွား၍ တည်းခိုလျှင်၊ ၁၆ သင်တို့ကြောက်သော ဓါးဘေးသည် အဲဂုတ္တုပြည်၌ သင်တို့ကို မှီလိမ့်မည်။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကို ကျပ်ကျပ်လိုက်၍၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ ၁၇ အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာပြုသောသူ အပေါင်းတို့သည် ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် သေကြလိမ့်မည်။ သူတို့အပေါ်သို့ ငါရောက်စေသော ဘေးဒဏ်နှင့် တယောက်မျှမလွတ်ရ။ ကျန်ကြွင်းသော သူတယောက်မျှ မရှိရ။ ၁၈ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား အမိန့်တော်မူသည်ကား၊ ယေရုရှလင် မြို့သားတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်းလောင်းသည်နည်းတူ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ ဝင်သောအခါ၊ သင်တို့ အပေါ်သို့ သွန်းလောင်းသဖြင့်၊ သင်တို့သည် ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ ရာဖြစ်ကြလိမ့်မည်။ ဤအရပ်ကို နောက်တဖန်မမြင်ရ။ ၁၉ ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ အဲဂုတ္တုပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရား အမိန့်တော်ရှိ၏။ ငါသည်သင်တို့ကို ယနေ့ သက်သေခံကြောင်းကို သိမှတ်ကြလော့။ ၂၀ အကယ်စင်စစ် သင်တို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားအား အကျွန်ုပ်တို့အဘို့ ဆုတောင်းပါလော့။ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင်ပါမည်ဟုဆို၍၊ ငါ့ကိုသင်တို့၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ စေလွှတ်သောအခါ၊ ကိုယ်စိတ်ကို ကိုယ်လှည့်စားကြပြီ။ ၂၁ ငါသည် သင်တို့အား ယနေ့ကြားပြော၏။ သင်တို့မူကား၊ သင်တို့ဘုရား သခင် ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ငါ့အားဖြင့်မှာ လိုက်တော်မူသမျှတို့ကို၎င်း၊ နားမထောင်ဘဲနေကြ၏။ ၂၂ ထိုကြောင့် သင်တို့သည် သွား၍၊ တည်းခိုချင်သောအရပ်၌၊ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့်သေကြလိမ့်မည် အကြောင်းကို အမှန်သိမှတ်ကြလော့ဟု ယေရမိသည် ပြန်ပြောလေ၏။