-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၃


ထာ၀ရဘုရားက သူ့သိုးများကို နေရင်းပြည်သို့ဆောင်ဦးမည်

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြားစေသောသိုးထိန်းတို့ သည် အမင်္ဂလာရှိကြ၏။ ထိုကြောင့်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို​ ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုးတို့ကိုငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ဦးမည်။ သူတို့သည်လည်း၊ သားဖွား၍ များပြားကြလိမ့်မည်။ သူတို့ကို​ ကျွေးမွေးသောသိုးထိန်းတို့ကို သူတို့အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန်ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိရကြ။ ဆုံးမခြင်းကိုလည်းမခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။


ဒါဝိဒ်အညွန့်၌ ဉာဏ်ကောင်းသော ဘုရင်ပေါ်မည်
CROSS REFERENCES






ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း။ [A] ဥာဏ်ကောင်းသော ရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာကာလသည် ရောက်လိမ့်မည်။ ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရလိမ့်မည်။ ထိုမင်းသည် ယေဟောဝါ ဇေဒနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊ ဣသရေလ အမျိုးသားအစဉ်အဆက်တို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍၊ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့သည် နေရင်းပြည်၌ တဖန်နေရကြလိမ့်မည်။


ပြည်သားများ ပရောဖက်နှင့် ယဇ်ပုရောဟိတ်များ မဖြောင့်မတ်
CROSS REFERENCES






ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသော စကားတော်ကြောင့်၎င်း၊ ငါ့စိတ် ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည်လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့်စပျစ်ရည်နိုင်သောသူကဲ့သို့ငါဖြစ်၏။ ၁၀ အကြောင်းမူကား၊ မတရားသောမေထုန် [B]၌ မှီဝဲသောသူတို့သည်တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့်တပြည်လုံးမြည် တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့​ခြောက်ကြ၏။ ပြည်သားများလိုက်သောလမ်းသည်မ​ဖြောင့်၊ သူတို့အစွမ်းသတ္တိ သည်တရားဘက်၌ မနေတတ်။ ၁၁ ပရောဖက်နှင့်ယဇ်ပုရော ဟိတ် နှစ်ပါးတို့သည်ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ ပင်သူတို့ပြုသောအဓမ္မအမှုကိုငါတွေ့ပြီ၊ ဟုထာဝရဘုရားမိန့်တော်မူ၏။


ပရောဖက်တို့ကိုဒဏ်ခတ်မည်
CROSS REFERENCES






၁၂ ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သောလမ်းကဲ့သို့ဖြစ်၍၊ သူတို့သည်တွန်းတိုးခြင်းကိုခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည်ဆုံးမခြင်းကိုခံရသောကာလ၌ သူတို့အပေါ်မှာဘေးဥပါဒ်ကိုသင့်ရောက်စေမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။ ၁၃ ရှမာရိပြည်သားပရောဖက်တို့၌ လည်း၊ မိုက်သောသဘောကိုငါမြင်ပြီ။ သူတို့သည်ဗာလဘုရားကိုမှီဝဲ၍ပရောဖက်ပြုသဖြင့်၊ ငါ၏လူဣသရေလအမျိုးသားတို့ကိုမှားယွင်းစေကြပြီ။ ၁၄ ယေရုရှလင်မြို့သားပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကိုငါမြင်ပြီ။ သူတို့သည်မတရားသောမေထုန် [B]၌ မှီဝဲလျက်၊ မုသာကိုလည်းသုံးလျက်၊ အဓမ္မပြုသောသူတို့ကိုအားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသောအဓမ္မအမှုကိုမစွန့်။ ထိုသူရှိသမျှတို့သည်ငါ၌ သောဒုံမြို့သားတို့ကဲ့သို့၎င်း၊ ယေရုရှလင်မြို့သားတို့သည်ဂေါမောရမြို့သားကဲ့သို့၎င်းဖြစ်ကြ၏။ [C] ၁၅ ထိုကြောင့်၊ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည်ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကိုဒေါနနှင့်ငါ​ကျွေးမည်။ ဆေးခါးကိုလည်းသောက်စေမည်။ ယေရုရှလင်မြို့သားပရောဖက်တို့သည်မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကိုနှံ့ပြားလေပြီ။


ပရောဖက်တို့၏စကားနားမထောင်ကြနှင့်
CROSS REFERENCES






၁၆ ကောင်းကင်ဗိုလ်​ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍သင်တို့အား ဟောတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။ [D] သူတို့သည်သင်တို့အားအချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက်ရူပါရုံကိုမြင်သည်အတိုင်းဟောပြောတတ်ကြ၏။ ၁၇ ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုမထီမဲ့မြင် ပြုသောသူတို့အား၊ သင်တို့သည်ငြိမ်ဝပ်ခြင်းရှိကြလိမ့်မည်၊ ဟုဟောတတ်ကြ၏။ မိမိတို့စိတ်နှလုံးခိုင်မာခြင်းသဘောသို့လိုက်သော သူတို့အား၊ သင်တို့သည်ဘေးဥပဒ်နှင့်မတွေ့ရကြဟုဟောတတ်ကြ၏။ ၁၈ ထိုသူတို့တွင်အဘယ်သူသည်ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း။ အဘယ်သူသည် အမှုတော်ကိုကြားမြင်သနည်း။ အဘယ်သူသည်နှုတ်ကပတ်တော်ကိုနားထောင်၍ကြားသနည်း။ ၁၉ ထာဝရဘုရား၏လေဘွေတော်သည် ပူသောအရှိန်နှင့်ထွက်၏။ ပြင်းစွာသောလေဘွေဖြစ်၍၊ မတရားသောသူ တို့ခေါင်းပေါ်မှာပြင်းစွာတိုက်လိမ့်မည်။ ၂၀ ထာဝရဘုရားသည် လက်စသတ်၍၊ အကြံအစည်တော်ကိုပြည့်စုံစေတော်မမူမှီ အမျက်တော်မငြိမ်းရ။ နောက်ကာလ၌ သင်တို့သည်ရှင်းလင်းစွာနားလည်ကြလိမ့်မည်။ ၂၁ ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည်ပြေးကြပြီ။ ငါမမှာထားဘဲ သူတို့သည်ကိုယ်အလိုအလျောက်ဟောပြောကြပြီ။ ၂၂ ထိုသူတို့သည် ငါနှင့်တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကိုငါ၏လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကိုမတရားသောလမ်းမှ၎င်း၊ မကောင်းသောအကျင့်ဓလေ့မှ၎င်း၊ လွဲသွားစေကြပြီ။


ထာ၀ရဘုရားသည်ကောင်းကင်မြေကြီးနှံ့ပြားသည်

၂၃ ငါသည်နီးသောအရပ်၌ သာဘုရားဖြစ်သလော။ ဝေးသောအရပ်၌ လည်းဘုရားဖြစ်သည် မဟုတ်လော၊ ဟုထာဝရဘုရား မေးတော်မူ၏။ ၂၄ ငါမမြင်စေခြင်းငှါအဘယ်သူသည်မထင်ရှားသောအရပ်၌ ပုန်းရှောင်၍နေနိုင်သနည်း၊ ဟုထာဝရဘုရား မေးတော်မူ၏။ [E] ငါသည်ကောင်းကင်မြေကြီးကိုနှံ့ပြားသည်မဟုတ်လောဟုထာဝရဘုရားမေးတော်မူ၏။


အိပ်မက်မြင်သောသူတို့
CROSS REFERENCES






၂၅ ငါသည်အိပ်မက်မြင်ပြီ။ အိပ်မက်မြင်ပြီ၊ ဟုငါ့နာမကိုအမှီပြု၍၊ မုသာဖြင့်ဟောပြောသော ပရောဖက်တို့၏စကားကို ငါကြားပြီ။ [F] ၂၆ ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည်မုသာစကားကိုဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံးလှည့်စားသည်အတိုင်း ဟောပြောတတ်ကြ၏။ ၂၇ ဘိုးဘေးတို့သည်ဗာလကြောင့်ငါနာမကိုမေ့လျော့သကဲ့သို့၊ သူတို့သည်အိမ်နီးချင်း တယောက်ကိုတယောက် ပြောတတ်သောအိပ်မက်များအားဖြင့်၊ ငါ၏လူမျိုးသည်ငါ့နာမကို မေ့လျော့စေမည်၊ ဟုအကြံရှိကြသည်တကား။ ၂၈ အိပ်မက်မြင်သောပရောဖက်တို့သည်၊ အိပ်မက်စကားကိုပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ခံရသောသူသည်၊ နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့်အဘယ်သို့ဆိုင်သနည်း၊ ဟုထာဝရဘုရားမိန့်တော်မူ၏။


ဘုရား၏နှုတ်ကပတ်တော်မီးနှင့်သံတူကဲ့သို့
CROSS REFERENCES





CROSS REFERENCES






၂၉ ငါ၏နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ [G] ကျောက်ကိုထုချေသောသံတူကဲ့သို့၎င်း၊ ဖြစ်သည်မဟုတ်လောဟုထာဝရ ဘုရားမေးတော်မူ၏။ [H] ၃၀ သို့ဖြစ်၍၊ ငါ့စကားတော်ကိုအိမ်နီးချင်းတယောက်မှတယောက်ခိုးသောပရောဖက်တို့ကို၊ ငါသည်ဆန့်ကျင်ဘက်ပြုမည်၊ ဟုထာဝရ ဘုရားမိန့်တော်မူ၏။ ၃၁ မိမိတို့အလိုအလျောက်ဟောပြောလျက်နှင့်အမိန့်တော်ရှိသည်ဟုဆိုသောပရောဖက်တို့ကို၊ ငါသည်ဆန့်ကျင်ဘက်ပြုမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၃၂ မှားသောအိပ်မက်ကိုဟောပြော၍၊ မုသာစကားအချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်းစေသော ပရောဖက်တို့ကို၊ ငါသည်ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကိုငါမစေလွှတ်၊ မမှာထားသောကြောင့်ဤလူမျိုးသည်ကျေးဇူးမရှိ၊ ဟုထာဝရဘုရားမိန့်တော်မူ၏။


သင်တို့ကိုငါစွန့်ပစ်မည်

၃၃ ဤလူမျိုးတွင်ဆင်းရဲသားဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟုသင့်ကိုမေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သောဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကိုငါစွန့်ပစ်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၃၄ ထာဝရဘုရား၏ဗျာဒိတ်တော်ရှိသည်၊ ဟုပြောဆိုသောပရောဖက်၊ ယဇ်ပုရော ဟိတ်၊ ပြည်သူပြည်သားကို၎င်း၊ ထိုသူ၏အိမ်သူအိမ်သားတို့ကို၎င်း၊ ငါသည်ဒဏ်ပေးမည်။ ၃၅ သင်တို့က၊ ထာဝရဘုရား အဘယ်သို့ပြန်ပြောတော်မူသနည်းဟူ၍၎င်း၊ အဘယ်သို့မိန့်တော်မူသနည်းဟူ၍၎င်း၊ အိမ်နီးချင်း၊ ညီအစ်ကိုချင်းတယောက်ကိုတယောက်မေးမြန်းရမည်။ ၃၆ ထာဝရဘုရား၏ဗျာဒိတ်တော်ရှိသည်ဟူ၍နောက်တဖန်မဆိုရ။ လူတိုင်းမိမိစကားမှတပါး အခြားသောဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည်အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ဘုရားသခင်တည်းဟူ သောကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား၏စကားတော်ကိုဖျက်ကြပြီ။ ၃၇ ထာဝရဘုရားသည်သင့်အားအဘယ်သို့ ပြန်ပြောတော်မူသနည်း။ ထာဝရဘုရားသည် အဘယ်သို့မိန့်တော်မူသနည်း၊ ဟုပရောဖက်ကိုမေးလော့။ ၃၈ သင်တို့က၊ ထာဝရဘုရား၏ဗျာဒိတ်တော်၊ ဟုဆိုကြသည်ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်၊ဟုမဆိုရမည်အကြောင်း ငါပညတ်သော်လည်း၊ သင်တို့သည်ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူသောစကားကို သုံးကြသောကြောင့်၊ ၃၉ ငါသည်သင်တို့ကို၎င်း၊ သင်တို့နှင့်ဘိုးဘေးတို့အားငါပေးသောမြို့ကို၎င်း၊ ငါ့ထံမှအကုန်အစင်ကျုံး၍ ပစ်လိုက်မည်။ ၄၀ အစဉ်အမြဲမမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ခြင်းနှင့်အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာသက်ရောက်စေမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.