-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၄


မိုးခေါင်သောအမှု
CROSS REFERENCES






မိုးခေါင်သောအမှုကို ရည်မှတ်၍၊ ယေရမိသို့ ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ယုဒပြည်သည် ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေတိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ ငိုကြွေးခြင်းအသံသည် တက်လေ၏။ မှူးမတ်တို့သည် မိမိငယ်သားတို့ကို ရေခပ်ဘို့ စေလွှတ်၍၊ ငယ်သားတို့သည် ရေကျင်းသို့ ရောက်သောအခါ၊ ရေကိုမတွေ့။ [A] အိုးသက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက်ရှက် ကြောက်မှိုင်တွေကြ၏။ မိုးပြတ်၍ မြေအက်ကွဲသောကြောင့်၊ လယ်လုပ်သောသူတို့သည် ဦးခေါင်းကို ခြုံလျက်ရှက် ကြောက်ကြ၏။ သမင်မသည် လယ်ပြင်၌ မွေးသော အခါ မြက်မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။ မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှုကြ၏။ မြက်မရှိသောကြောင့် သူတို့ မျက်စိပျက်လေ၏။


အိုထာဝရဘုရား ဧည့်သည်ကဲ့သို့ မဖြစ်ပါနှင့်

အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့၏ အပြစ်သည် အ​ကျွန်ုပ်တို့ တဘက်၌ သက်သေခံသော်လည်း၊ နာမတော်ကိုထောက်၍ စီရင်တော်မူပါ။ အ​ကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှားပါပြီ။ အိုဣသရေလအမျိုး၏ မြော်လင့်စရာအကြောင်း၊ အမှုရောက်သော ကာလ ကယ်တင်တော်မူသော သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်တို့ပြည်၌ ဧည့်သည်ကဲ့သို့၎င်း၊ တညသာအိပ်ခြင်းငှါ ဝင်သော ခရီးသွားကဲ့သို့၎င်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ မိန်းမောတွေဝေသောသူ ကဲ့သို့၎င်း၊ ကယ်တင်ခြင်းငှါ မတတ်နိုင်သော သူရဲကဲ့သို့၎င်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်တို့တွင် ရှိတော်မူ၏။ အ​ကျွန်ုပ်တို့သည် နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အ​ကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။


သူတို့၏ ယဇ်ပူဇော်ခြင်းများ လက်မခံ

၁၀ ဤလူမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှါ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရား နှစ်သက်တော်မမူ။ သူတို့ပြုသော ဒုစရိုက်ကို အောက်မေ့၍၊ သူတို့အပြစ်များကြောင့် စစ်ကြောတော်မူမည်။ ၁၁ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဤလူမျိုးအဘို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။ [B]၁၂ သူတို့သည် အစာရှောင်ခြင်း အကျင့်ကိုကျင့်သောအခါ၊ သူတို့အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ရာယဇ်ကိုသော်၎င်း၊ ပူဇော်သက္ကာကိုသော်၎င်း ဆက်ကပ်သောအခါငါလက်မခံ။ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟု ငါမိန့်တော်မူလျှင်၊


ဘေးမတွေ့ရဟု ဟောသူများဘုရား၏ ပရောဖက်များမဟုတ်
CROSS REFERENCES






၁၃ ငါကလည်း၊ အိုအရှင် ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓါးဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရကြ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု ဤသူတို့အား ဟောပြောကြောင်းကို ငါလျှောက်သောအခါ၊ ၁၄ ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏နာမကိုအမှီပြု၍ မုသာကို ဟောတတ်ကြ၏။ [C] သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ဟောပြောချက်တို့သည် မျက်စိကို လှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်းနှီးကြံစည်ခြင်း၊ မိမိဥာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။


ပရောဖက်အတုများ ပျက်စီးဆုံးရှုံးမည်

၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေးမရှိရဟု ငါမစေလွှတ်ဘဲ၊ ငါ့နာမကိုအမှီ ပြု၍ ကိုယ်အလိုအလျောက် ဟောပြောသော ပရောဖက်တို့သည် ဓါးဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရကြလိမ့်မည်။ ၁၆ သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှစ၍၊ မယားသားသမီးတို့နှင့် တကွမွတ်သိပ်ခြင်းဘေး၊ ဓါးဘေးကြောင့်ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကိုခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုလ်ရ။ သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ငါညွှန်းလောင်းမည်။


ငြိမ်သက်ခြင်း မြော်လင့်သော်လည်း ချမ်းသာမရ

၁၇ သင်သည်လည်း သူတို့အား ပြောရမည့်စကားဟူမူကား၊ ငါသည် နေ့ညမပြတ် မျက်ရည်ကျရမည်။ ငါ၏ လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ်ချက်ကိုခံရ၍ အရိုးများကျိုးလေပြီ။ ၁၈ ငါသည် မြို့ပြင်သို့သွားသောအခါ၊ သတ်သောအသေ ကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှုကိုမျှ မသိဘဲ အရပ်ရပ် လှည့်လည်ကြ၏။ ၁၉ ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင် ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုတ် ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အ​ကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အ​ကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကို မြော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မြော်လင့်သော်လည်း၊ ဘေးနှင့်သာ တွေ့ရကြပါ၏။


ကိုယ်တော်ကိုသာ မြော်လင့်ပါ၏

၂၀ အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့သည် ကိုယ်ဒုစရိုက်များနှင့် ဘိုးဘေးတို့၏ အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။ ၂၁ ကိုယ်တော်၏နာမကြောင့်၊ အ​ကျွန်ုပ်တို့ကို စက်ဆုတ်ရွံရှာ တော်မမူပါနှင့်။ ဘုန်းတော်ပလ္လင်၏ အသရေကို ရှုတ်ချတော်မမူပါနှင့်။ အောက်မေ့တော်မူပါ။ အ​ကျွန်ုပ်တို့နှင့် ဖွဲ့သော ပဋိညာဉ်တော်ကို ဖျက်တော်မမူပါနှင့်။ ၂၂ သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုဆင်းတုတို့တွင် မိုးရွာစေနိုင်သောသူ ရှိပါသလော။ မိုးသည် အလိုလိုရွာ နိုင်ပါသလော။ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ ကိုယ်တော်ကို မြော်လင့်လျက် နေပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသော ဘုရားဖြစ်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.