ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၆၀
ထလော့လင်းလော့
၁ သင်ထလော့ လင်းလော့။ သင်၏ အလင်းရောက်လာပြီ။ ထာဝရဘုရား၏ ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။ ၂ ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်။ ၃ တပါးအမျိုးသားတို့သည် သင်၏အလင်းသို့၎င်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်း အရောင်သို့၎င်း လာကြလိမ့်မည်။ ၄ အရပ်ရပ်သို့ မြော်ကြလော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင်ထံသို့လာကြ၏။ သင်၏ သားသမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစားခြင်းကို ခံရကြလိမ့်မည်။ ၅ ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်းခြင်း ရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ ကြွယ်ဝခြင်းသည် သင့်ဘက်သို့ ပြောင်းလဲ၍ တပါးအမျိုးသားတို့၏ စည်းစိမ်သည် သင့်လက်သို့ ရောက်လိမ့်မည်။
၆ ကုလားအုပ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့်မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။ ၇ ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင်ထံမှာ စုဝေးကြလိမ့်မည်။ နာဗာယုတ်ပြည်၏ ဆိတ်တို့သည် သင်၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဘွယ်သော လက္ခဏာနှင့် ငါ၏ ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါဘုန်းထင်ရှားရာ ဗိမာန်ကို ငါသည်သာ၍ ဘုန်းပွင့်စေမည်။ ၈ မိုးတိမ်ကဲ့သို့၎င်း၊ မိမိတို့အိမ်သို့ပျံသော ချိုးများကဲ့သို့၎င်း၊ ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။ ၉ အကယ်စင်စစ် သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကြောင့်၎င်း၊ သင်၏ဘုန်းကို ပွင့်စေသော ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကြောင့်၎င်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေးမှ ဆောင်ခဲ့ခြင်းငှါ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကိုစောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦးပြု ကြလိမ့်မည်။ ၁၀ တပါးအမျိုးသားတို့သည် သင်၏ မြို့ရိုးကို တည်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် အမျက်ထွက်၍ သင့်ကို ဒဏ်ခတ်သော်လည်း စေတနာစိတ်နှင့် သနားဦးမည်။ ၁၁ တပါးအမျိုးသားတို့၏ စည်းစိမ်ကို သင့်ထံသို့ ဆောင်ခဲ့၍ သူတို့၏ ရှင်ဘုရင်တို့ကိုလည်း ပို့သမည်အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညမပိတ်ဘဲ အစဉ် ဖွင့်ထားရလိမ့်မည်။ ၁၂ အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှုကိုမဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်းခြင်းကို အမှန်ခံကြလိမ့်မည်။ ၁၃ ငါ၏ သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရှူးပင်၊ တဒေရပင်၊ တာရှုရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေမည်။ ၁၄ သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင်ပြုသောသူ အပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြလိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍ သင့်ကို သမုတ်ကြလိမ့်မည်။
၁၅ သင့်ကို အဘယ်သူမျှ ရှောက်၍ မသွားရမည်အကြောင်း၊ သူတပါးတို့သည် သင့်ကို စွန့်ပစ်ရွံရှာကြသည်အတွက်၊ ငါသည်သင့်ကို ထာဝရ အထွဋ်အမြတ်ဖြစ်စေမည်။ လူမျိုးအစဉ်အဆက် ဝမ်းမြောက်စရာအကြောင်းလည်း ဖြစ်စေမည်။ ၁၆ သင်သည် တပါးအမျိုးသားတို့၏ နို့ကို စို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏ သားမြတ်ကိုလည်း စို့ရလိမ့်မည်။ ငါထာဝရဘုရားသည်၊ ကယ်တင်သောသူ၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရားသည်၊ သင့်ကို ရွေးနှုတ်သောသူ ဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည်။ ၁၇ ကြေးဝါအရာ၌ ရွှေကို၎င်း၊ သံအရာ၌ ငွေကို၎င်း၊ သစ်သားအရာ၌ ကြေးဝါကို၎င်း၊ ကျောက်အရပ်၌ သံကို၎င်း၊ ငါဆောင်ခဲ့မည်။ ၁၈ သင်၏အရာရှိတို့ကို ငြိမ်သက်သော သဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံစေမည်။ သင်၏ပြည်၌ အနိုင်အထက်ပြုခြင်း အသံကို နောက်တဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူဖျက်ဆီးခြင်းမရှိရ။ သင်၏ မြို့ရိုးကို ကယ်တင်ခြင်းဟူ၍၎င်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍၎င်း၊ သမုတ်ရလိမ့်မည်။
ထာ၀ရဘုရားသည် သင်၏အလင်းဖြစ်မည်
၁၉ နောက်တဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသော အလင်းမဟုတ်၊ ညအချိန်၌လည်း၊ လအရောင်သည် သင့်ကိုမလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည်၊ သင်၌ ထာဝရအလင်း၊ သင်၏ ဘုရားသခင်သည် သင်၏ ဘုန်းအသရေ ဖြစ်တော်မူလိမ့်မည်။ ၂၀ နောက်တဖန် သင်၏ နေသည်မဝင်ရ။ သင်၏လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း ဖြစ်တော်မူ၍ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ။ ၂၁ သင်၏ လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည်တော်ကို အစဉ်အမြဲ အမွေခံသဖြင့် ငါ၏ဘုန်းပွင့်စေခြင်းငှါ၊ ငါကိုယ်တိုင်စိုက်၍ ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့်မည်။ ၂၂ သူငယ်တယောက်သည် လူတထောင် ဖြစ်ရလိမ့်မည်။ အားနည်းသောသူ တယောက်သည် အားကြီးသော လူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။