ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၅၇
ဖြောင့်မတ်သောသူ သေခြင်းသည် ချမ်းသာဝင်ခြင်း
၁ ဖြောင့်မတ်သောသူသည် ဆုံး၍ ကျေးဇူးပြုတတ်သော သူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီ၊ ဟုအဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။ ၂ ထိုသို့သောသူသည် ချမ်းသာထဲသို့ဝင်ရ၏။ ဖြောင့်မတ်စွာ ကျင့်လျက် မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။
မကောင်းသောသူများ
၃ စုန်းမသား၊ နောက်မီးလင်းသော မိန်းမသား၊ ပြည်တန်ဆာ မိန်းမသားတို့၊ ချဉ်းကပ်ကြလော့။ ၄ သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သော အမျိုး၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည် မဟုတ်လော။ ၅ စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တုဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်းအောက်မှာ သူငယ်ကို သတ်သောသူ မဟုတ်လော။ ၆ ချိုင့်ထဲမှာ ချောသော ကျောက်ခဲတို့တွင် သင်၏တာရှိ၏။ ထိုသို့သောအရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သောအရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်၊ ဘောဇဉ် ပူဇော်သက္ကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။ ၇ မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင်ကို ထားပြီးလျှင်၊ ထိုအရပ်သို့ တက်၍ ယဇ်ပူဇော်တတ်၏။ ၈ သင်အောက်မေ့စရာ သက်သေကို တံခါးနှင့် တိုင်နောက်မှာထားပြီး၊ ငါမှတပါး အခြားသူတို့အား အဝတ်ကိုချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကိုလည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။ ၉ ဆီးမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့ သွားပြီ။ နံ့သာမျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသောအရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကို မိမိနှိမ့်ချပြီ။ ၁၀ ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ်မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ခြင်းမရှိ။
ဘုရားသည် တိတ်ဆိတ်သောကြောင့် မကြောက်ကြ
၁၁ သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ကိုမေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှစ၍ တိတ်ဆိတ်စွာ နေသောကြောင့်၊ သင်သည် ငါ့ကိုမကြောက်ဘဲ နေသည်မဟုတ်လော။ ၁၂ သင်၏ကုသိုလ်နှင့်၊ သင်ပြုသော အမှုတို့ကို ငါဖေါ်ပြမည်။ ၁၃ ထိုသို့သောအမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏ အလုံးအရင်းတို့သည် ကယ်နှုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ လေတမှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစားသောသူမူကား၊ ပြည်တော်ကိုပိုင်၍၊ ငါ၏ သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည်။ ၁၄ ထိုအခါ မြေကိုဖို့ကြ။ မြေကိုဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ့လူတို့၏လမ်းခရီး၌ အဆီးအတားမရှိစေနှင့်၊ ဟုငါပြောဆိုရ၏။
ဘုရားသည် စိတ်နှိမ့်ချသူထံမှာနေ
၁၅ အကြောင်းမူကား၊ သန့်ရှင်းခြင်း၊ ဟုနာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ် ဖြစ်တော်မူသော ဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌ နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှါ၊ ကြေကွဲနှိမ့်ချသော စိတ်သဘော ရှိသောသူတို့၌လည်း ငါနေ၏။
ဘုရားသည် အစဉ်အမျက်မထွက်
၁၆ ငါသည် အစဉ်မပြတ် တရားတွေ့မည်မဟုတ်။ အစဉ်မပြတ် အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာ ပျောက်၍၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ၁၇ သူ၏ လောဘလွန်ကျူးခြင်း အပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာ လမ်းသို့ လွှဲသွားလေ၏။ ၁၈ သူ၏ အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကို၎င်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို၎င်း၊ ချမ်းသာပေးဦးမည်။ ၁၉ ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေးသောသူ၌၎င်း၊ နီးသောသူ၌၎င်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၂၀ မတရားသောသူတို့မူကား၊ မငြိမ်နိုင်ဘဲ လှုပ်ရှား၍၊ ရွှံ့နှင့်အမှိုက်ကို ပက်သော ပင်လယ်ရေနှင့် တူကြ၏။ ၂၁ မတရားသောသူတို့၌ ငြိမ်သက်ခြင်းမရှိ၊ ဟုငါ၏ ဘုရားသခင် မိန့်တော်မူ၏။