ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၅၅
ရေငတ်သူတို့လာကြလော့
၁ အိုရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ အဘိုးကိုမပေးဘဲ လာ၍ စပျစ်ရေနှင့် နို့ကိုဝယ်ကြလော့။
၂ အစာမဟုတ်သော အရာဘို့ သင်တို့ငွေကို၎င်း၊ အမွတ်မပြေနိုင်သော အရာအဘို့ သင်တို့ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။
၃ နူးညွတ်သော နားနှင့် ငါ့ထံသို့လာကြလော့။ နားထောင်ကြလော့။သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အားပေးမည်။
၄ ကြည့်ရှုလော့၊ ထိုသူကို သက်သေ
(a) ဖြစ်စေခြင်းငှါ ၎င်း၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုးတို့အားပေးပြီ။
၅ ကြည့်ရှုလော့၊ သင်သည် မသိဘူးသော လူမျိုးကို ခေါ်လိမ့်မည်။ သင့်ကို မသိဘူးသော လူမျိုးတို့သည်လည်း သင်၏ဘုရားသခင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကြောင့်၊ သင့်ထံသို့ ပြေးလာကြလိမ့်မည်။ ထိုဘုရားသည် သင်၏ဘုန်းကို ပွင့်စေတော်မူ၏။
ထာ၀ရ ဘုရားရှာကြလော့
၆ တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ [A] နီးတော်မူသည် ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။ ၇ ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံကို၎င်း စွန့်ပစ်၍၊ ထာဝရဘုရားထံသို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။
ဘုရားနှင့်လူ၏အကြံ မိုးနှင့်မြေကွာခြား
၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ ၉ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း၊ သာ၍မြင့်၏။
နှုတ်ကပတ်တော် အချည်းနှီးမပြန်ရ
၁၀ မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို၎င်း၊ အစာစားသောသူအား အစာကို၎င်း၊ ပေးမည်အကြောင်း၊ မြေကို စိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊၁၁ ထို့အတူ ငါ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။
ဝမ်းမြောက်၍ ချမ်းသာစွာပို့ခြင်းခံမည်
၁၂ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့် ထွက်၍၊ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍၊ တော၌ ရှိသမျှသော အပင်တို့သည် လက်ခုပ်တီးကြလိမ့်မည်။ ၁၃ အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရှူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရား ရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မပျောက်မပျက်ရသော ထာဝရ သက်သေဖြစ်ရလိမ့်မည်။
_________________________
Footnotes
၄ (a) မူရင်းဟေဗြဲကျမ်း၌ עֵ֥ד ဟုရေးထားသည်။ အဓိပ္ပါယ်သည်"သက်သေ"ဖြစ်သည်။ မြန်မာကျမ်းစာအုပ်၌ ထိုအရာကို ဥပဇ္ဈာဆရာ၊ ဟုဘာသာပြန်ထားသည်။