-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၅၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၅၁


ထာ၀ရဘုရား ဇိအုန်မြို့ကို ချမ်းသာပေးမည်

​ဖြောင့်မတ်ခြင်း တရားသို့လိုက်၍ ထာဝရဘုရားကို ရှာသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့်၊ တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့။ သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကို ဖွားသောသူ စာရာတို့ကို ကြည့်ရှုကြလော့။ ငါသည် တယောက်တည်းသောသူ အာဗြဟံကို ခေါ်၍၊ ကောင်းကြီးပေးသဖြင့် များပြားစေ၏။ ထိုသို့နှင့်အညီ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာ ပေးတော်မူမည်။ သူ၏ဆိတ်ညံရာအရပ် အလုံးစုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့သို့၎င်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ ဥယျာဉ်ကဲ့သို့၎င်း၊ ဖြစ်စေတော်မူသဖြင့် ဇိအုန်မြို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့် ပြည့်စုံလိမ့်မည်။


ငါစီရင်ချက်သည် လူများလင်းစေ
CROSS REFERENCES






ငါ့၏လူမျိုး၊ ငါ့လူစုတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။ ငါ့ထံမှ တရားထွက်၍၊ ငါစီရင်ချက်သည် လူများလင်းစရာဘို့ တည်ရလိမ့်မည်။ ငါ၏​ ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ ကယ်တင်ခြင်း တရားသည် ထွက်သွားပြီ။ ငါ့လက်ရုံးသည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တ​ကျွန်းတနိုင်ငံသားတို့သည် ငါ့ကိုမျှော်လင့်၍ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။ မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ မြေကြီးကိုလည်းငုံ့၍ ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ် ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ [A] မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ့၏ ကယ်တင်ခြင်းတရားမူကား၊ အစဉ်အမြဲတည်လိမ့်မည်။ ငါ့၏ ဖြောင့်မတ်ခြင်းတရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။


လူတို့ကဲ့ရဲ့ခြင်းမကြောက်နှင့်
CROSS REFERENCES






​ဖြောင့်မတ်ခြင်းတရားကို သိ၍၊ ငါ့၏တရားကို နှလုံးသွင်း မိသောသူတို့၊ [B] ငါ့စကားကို နားထောင်ကြလော့။ လူတို့သည် အပြစ်တင်မည်၊ ဟုမစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။ အကြောင်းမူကား ပိုးကောင်တို့သည် သိုးမွေးအဝတ်ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စား ဖျက်ဆီးကြလိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်း တရားမူကား၊ နိစ္စထာဝရ ဖြစ်၍ငါ၏ ကယ်တင်ခြင်း တရားသည်လည်း ကမ္ဘာအဆက်ဆက် တည်လိမ့်မည်။


CROSS REFERENCES






အိုထာဝရဘုရား၏ လက်ရုံးတော်၊ နိုးတော်မူပါ။ နိုး၍ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန်ဘူးသောကာလ၌ ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကိုဒဏ်ခတ်၍ နဂါး [C] ကို နာစေသောသူကား၊ ကိုယ်တော်မဟုတ်လော။ ၁၀ ပင်လယ်ရေနက်နဲရာ ရေတို့ကို ခမ်း​ခြောက်စေ၍၊ ပင်လယ်နက်နဲရာ အရပ်တို့ကို သွားစရာလမ်းဖြစ်စေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။ ၁၁ သို့ဖြစ်၍ ထာဝရဘုရား ကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရ ဝမ်းမြောက်ခြင်းသရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကိုရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညီးတွားခြင်းသည် ပြေးသွားရလိမ့်မည်။ ၁၂ သင်တို့ကို နှစ်သိမ့်စေသောသူကား၊ အခြားသူမဟုတ်၊ ငါကိုယ်တိုင်ပေတည်း။ သေရသောလူကို၎င်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို၎င်း၊ သင်သည် ကြောက်ရမည့်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ၁၃ မိုးကောင်းကင်ကို၊ ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော သင့်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားကို မေ့လျော့၍ ညှဉ်းဆဲသောသူသည် ငါ့ကိုဖျက်ဆီးလုပြီ၊ ဟုစိတ်ထင်နှင့် သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည့်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲသောသူ၏ ဒေါသအမျက်သည် အဘယ်မှာရှိသနည်း။ ၁၄ အချုပ်ခံရသောသူသည် ထောင်ထဲမှာမသေ၊ ရေစာမပြတ်၊ လျှင်မြန်စွာ ကယ်နှုတ်ခြင်းသို့ ရောက်လိမ့်မည်။ ၁၅ ငါသည် သမုဒ္ဒ​ရာကို ဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ထိုဘုရား၏ နာမတော်ကား ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားပေတည်း။ ၁၆ မိုးကောင်းကင်ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှါ၎င်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏၊ ဟုဇိအုန်မြို့ကို ပြောစေခြင်းငှါ၎င်း၊ ငါ့စကားကို သင်၏နှုတ်ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကိုငါမိုးပြီ။

၁၇ ထာဝရဘုရား၏ လက်တော်၌ အမျက်တော်ဖလားကို သောက်သော ယေရုရှလင်မြို့ နိုးလော့၊ နိုး၍ထလော့။ သင်သည် တုန်လှုပ်စေသော ဖလားကို အကုန်သောက်ခဲ့ပြီ။ အနယ်အဖတ်ကိုလည်း ညှစ်ခဲ့ပြီ။ ၁၈ ကိုယ်တိုင် ဖွားမြင်သော သားတို့တွင် သင့်ကို လမ်းပြသောသူ တယောက်မျှမရှိ။ ကိုယ်တိုင် မွေးစားသော သားတို့တွင် သင့်ကို လက်ဆွဲသောသူ တယောက်မျှမရှိ။ ၁၉ အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ဓါးဖြင့် ဖျက်ဆီးခြင်း ဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင့်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။ ၂၀ သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ ဖမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်းဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင် ဆုံးမတော်မူခြင်းနှင့် ဝကြ၏။


၂၁ သို့ဖြစ်၍ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ်ရည်မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူးသောသူ၊ နားထောင်လော့။ ၂၂ သင်၏အရှင် မိမိလူတို့၏ အမှုကို စောင့်တော်မူသော သင်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသောဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှ ငါရုပ်၍ သင်သည် နောက်တဖန် မသောက်ရ။ ၂၃ သင်သည် ခရီးသွားသောသူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ်၍ အလျားဝပ်စေခြင်းငှါ ဝပ်လျက်နေတော့။ ငါကျော်သွားမည်ဟုဆို၍ သင့်ကို ညှဉ်းဆဲသောသူ တို့လက်၌ ထိုဖလားကို ငါထားမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.