-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၉



တ​ကျွန်းနိုင်ငံအရပ်တို့၊ ငါ့စကားကို ကြားကြလော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့ နားထောင်ကြလော့။ ငါဖွားစကပင် ထာဝဘုရားသည် ငါ့ကို ခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။ ငါ့နှုတ်ကို ထက်သော ဓါးကဲ့သို့ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ဦးသစ်သော စည်းသွားဖြစ်စေ၍၊ မိမိမြှားထောင့်ထဲမှာ ဝှက်ထားတော်မူ၏။ အိုဣသရေလ၊ သင်သည် ငါ၏ ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်၊ ဟုငါ့အား မိန့်တော်မူပြီ။ ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အား ကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရား ရှေ့တော်၌ ရှိ၏။ ငါခံရသော အခလည်း ငါ၏ဘုရားသခင် လက်တော်၌ ရှိသည်၊ ဟုဆို၏။ ငါသည် ထာဝရဘုရား ရှေ့တော်၌ အသရေထင်ရှား၍၊ ငါ၏ ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော်မူသည် အကြောင်းနှင့်တကွ၊ ဣသရေလ အမျိုးသည် အထံတော်၌ စုဝေးခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန်ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည်အကြောင်း၊ ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်း အလိုငှါ၊ ငါ့အမှုကို ဆောင်ရွက်သော အမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက သင်သည် မြေကြီး စွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာအဘို့ ငါခန့်ထားသည်၊ ဟုမိန့်တော်မူသည်။


ဣသရေလ အမျိုးကို ရွေးနှုတ်တော်မူ၍၊ ထိုအမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူမှ မနှစ်သက် တပြည်လုံး ရွံရှာဖွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသော သူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက်ဖွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ [A] သင့်ကိုလည်း ငါစောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးမည်အကြောင်း၊ ထွက်ကြလော့၊ ဟုချုပ်ထားသောသူတို့အား၎င်း၊ ပေါ်လာကြလော့၊ ဟုမှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း၊ ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရားကို ပြုစုရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့သည် လမ်းခရီးတို့ အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ်တို့၌ ကျက်စားရာကို တွေ့ကြရလိမ့်မည်။ ၁၀ သူတို့သည် အစာရေစာကို မငတ်မွတ်ရ။ အပူကိုလည်း မခံရကြ။ နေရောင်ခြည် မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသောသူသည်၊ သူတို့ကို ပို့ဆောင်၍ စမ်းရေတွင်းအနားသို့ လမ်းပြလိမ့်မည်။ ၁၁ ငါ၏တောင် ရှိသမျှတို့ကို သွားရာလမ်း ဖြစ်စေမည်။ ငါ၏ မြေတန်တားများကိုလည်း ငါဖို့ရမည်။ ကြည့်ရှုလော့။ ဤသူတို့သည် မြောက်မျက်နှာနှင့် အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း သိနိမ်ပြည်မှ၎င်း၊ လာကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။

၁၃ အိုမိုးကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်တော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။


ဘုရားကဇိအုန်ကို မမေ့လျော့နိုင်

၁၄ ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကို စွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီ၊ ဟုဆိုလေသော်။ ၁၅ မိန်းမသည် မိမိဖွားသော သားကို မသနားသည် တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။ ၁၆ ငါသည် ကိုယ်လက်ဝါး၌ သင့်ကိုစာထိုးပြီ။ သင်၏မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏။ ၁၇ သင်၏ သားသမီးတို့သည် အလျှင်အမြန် ပြုကြလိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံမှ ထွက်သွားကြလိမ့်မည်။ ၁၈ အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်းတို့သည် စုဝေး၍ သင့်ထံသို့လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်ဖြစ်၍၊ သင်သည် တင့်တယ်သော ကိုဝတ်သကဲ့သို့ ဤသူအပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည်နည်းတူ တန်ဆာဆင်လိမ့်မည်။ ၁၉ သင်ပယ်ရှင်းသောအရပ်၊ ပျက်စီးသောပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့်မည်။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြ၏။ ၂၀ သင်၏သားများဆုံးပြီးမှ တဖန် ရပြန်သောသားတို့က နေရာမလောက်ပါ။ နေစရာအရပ်ကို ပေးပါ၊ ဟုသင့်အား တောင်းကြလေဦးမည်။ ၂၁ သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ပွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံလျက် နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့လည် ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစားသနည်း။ ငါသည် တယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်း၊ ဟုအောက်မေ့လိမ့်မည်။


ဘုရားကို မြော်လင့်သူ ရှက်ကြောက်ခြင်းမရှိ

၂၂ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်း အပြည်ပြည်၌ နေသော လူမျိုးတို့အား လက်ကိုချီ၍ အလံကို ထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့် ပွေ့လျက် ပခုံးပေါ်မှာ ထမ်းလျက် ဆောင်ခဲ့ကြလိမ့်မည်။ ၂၃ ရှင်ဘုရင်တို့သည် သင်၏ဘထွေး၊ မိဖုရားတို့သည် သင့်ကို မွေးစားသော အမိဖြစ်လိမ့်မည်။ သင့်ရှေ့မှာ ဦးညွတ်ပြပ်ဝပ်၍ သင်၏​ခြေ၌ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက် ခြင်း မရှိကြောင်းကို၎င်း၊ သင်သိလိမ့်မည်။


သင့်နှင့်ရန်တွေ့ သူငါသည် ရန်တွေ့မည်

၂၄ လုယူရာဥစ္စာကို အားကြီးသောသူ၏ လက်မှ ယူရမည်လော။ တရားသောသူ သိမ်းသွားသောလူတို့ကို နှုတ်ရမည်လော။ ၂၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် အားကြီးသော သူသိမ်းသွားသော လူတို့ကိုယူရမည်။ ကြောက်မက်ဖွယ်သော သူလုယူရာဥစ္စာကို နှုတ်ရလိမ့်မည်။ အကြောင်းမူကား၊ သင်နှင့် ရန်တွေ့သောသူကို ငါသည် ရန်တွေ့၍၊ သင်၏သားတို့ကို ကယ်တင်မည်။ ၂၆ သင့်ကို ညှဉ်းဆဲသောသူတို့ကို သူတို့၏ အသားနှင့် ငါ​ကျွေးမည်။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကို ဝစွာ သောက်ကြရမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို၊ လူအပေါင်းတို့သည် သိရကြလိမ့်မည်၊ ဟုမိန့်တော်မူသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.