ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၆
ရုပ်တုများသိမ်းသွားခြင်းခံရ
၁ ဗေလသည် ကျပြီ။ နေဗောသည် ကျိုးပဲ့ပြီ။ သူတို့ ရုပ်တုတို့သည်ခြေလေးချောင်း ရှိသော သားရဲတိရစ္ဆာန်တို့ အပေါ်မှာ ရှိကြသည်။ သင်တို့ထမ်းဘူးသော ဝန်ကိုတင်၍၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ၏။ ၂ သူတို့သည် ကျိုးပဲ့လျက် အတူလဲ လျက်နေ၍၊ မိမိတို့ထမ်းရသောဝန်ကို မကယ်တင်နိုင်ဘဲ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံကြရသည်တကား။
ရွှေငွေဘုရားကိုလုပ်၍ ကိုးကွယ်ကြသည်တကား
၃ အိုယာကုပ် အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလ အမျိုးသားအပေါင်းတို့၊ ဖွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။ ၄ သင်တို့ အသက်ကြီး၍ ဆံပင်ဖြူသည် တိုင်အောင်၊ ငါသည် ထိုသို့သောသူဖြစ်၍၊ သင်တို့ကို ဆောင်ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင်ရွက်၍ ကယ်တင်မည်။ ၅ သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည်နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။ ၆ ရွှေကိုအိတ်ထဲက များစွာထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့် ချိန်လျက် ပန်းထိန်သမားကိုငှါး၍၊ ဘုရားကို လုပ်စေပြီးမှ ပြပ်ဝပ် ကိုးကွယ်ကြသည်တကား။ ၇ ထိုဘုရားကို ပခုံးပေါ်မှာထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တပ်နေတတ်၏။ သူ၏နေရာမှ သူမရွှေ့နိုင်။ သူ့ကိုအော်ဟစ်သော်လည်း၊ သူသည်မထူး။ ဒုက္ခဆင်းရဲထဲက မကယ်ထုတ်နိုင်။ ၈ အိုဖောက်ပြန်သောသူတို့၊ ဤအမှုကိုအောက်မေ့၍ ယောကျ်ားဂုဏ်ကို ပြုကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။
ငါမှတပါးအခြားသောဘုရားမရှိ
၉ ရှေးကာလ၌ ဖြစ်ဘူးသော အမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။ ၁၀ အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမူအရာတို့ကို၎င်း၊ ဖေါ်ပြလျက် ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ပြည့်စုံစေမည်၊ ဟုဆိုလျက်၊ ၁၁ ဝေးသောအရပ်၊ အရှေ့မျက်နှာမှ ငါ၏လက်ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။ ၁၂ စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်း တရားနှင့် ဝေးသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ ၁၃ ငါ၏ ဖြောင့်မတ်ခြင်းတရားကို နားထောင်ကြလော့။ အဝေး၌ မနေရ။ ငါ၏ ကယ်တင်ခြင်း ကျေးဇူးလည်း မဖင့်နွဲ့ရ။ ဇိအုန်တောင်ပေါ်မှာငါ၏ ကယ်တင်ခြင်း ကျေးဇူးကို၎င်း၊ ဣသရေလ အမျိုး၌ ငါဘုန်းကို၎င်း ငါထားမည်။