-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၄၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၄၂


ထာ၀ရဘုရားကျွန်

ငါထောက်မသော ငါ့​ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။ နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး။ အတောက်သေးသော မီးစာကိုမသတ်။ တရားသည် မြဲမြံခြင်းသို့ ရောက်မည့်အကြောင်း စီရင်လိမ့်မည်။ မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်း မပျက်ရ။ သူ၏တရားကိုလည်း၊ တကျွန်း တနိုင်ငံသားတို့သည် မျှော်လင့်ကြလိမ့်မည်။


ဘုရား၏ကျွန်သည် မြင်စေမည်လင်းစေမည်

မိုးကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူ ထသော၊ မြေကြီးပေါ်မှာ ရှိသောသူတို့အား အသက်ကို၎င်း၊ မြေကြီးကို ကျော်နင်းသော သူတို့အား ဝိညာဉ်ကို၎င်း၊ ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထာဝရဘုရားသည် သင့်ကိုတရားသဖြင့် ခေါ်ထားသည်ဖြစ်၍၊ လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်းသော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ၎င်း၊ ချုပ်ထားသောသူတို့ကို လွှတ်စိမ့်သောငှါ၎င်း၊ မှောင်မိုက်၌ နေသောသူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအား၎င်း၊ ငါ့အသရေကို ရုပ်တုဆင်းတုတို့အား၎င်း ငါမပေး။ အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ။ အသစ်သောအရာတို့ကို ယခုငါဟော၏။ မပေါ်လာမှီ သင်တို့အား ငါပြနှင့်၏။


ထာဝရဘုရားအား သီချင်းဆိုကြလော့

၁၀ ပင်လယ်ကို ကူးသောသူမှစ၍၊ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ၊ တ​ကျွန်း တနိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသောသူများတို့၊ ထာဝရဘုရားအား အသစ်သော သီချင်းကိုဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ၁၁ တောနှင့်တကွ တော၌ ရှိသောမြို့ရွာ၊ ကေဒါအရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌ နေသောသူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ်က ကြွေးကြော်ကြစေ။ ၁၂ ထာဝရဘုရားကို ချီးမြှောက်၍၊ တ​ကျွန်း တနိုင်ငံအရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။



၁၃ ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။ အော်ဟစ်ကြွေးကြော်၍ ရန်သူတို့ တဘက်၌ အားထုတ်တော်မူလိမ့်မည်။ ၁၄ ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက် နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဖွားခြင်း ဝေဒနာကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှု၍ ချက်ချင်း ဖျက်ဆီးမည်။ ၁၅ တောင်ကြီး တောင်ငယ်များကို သွေ့​ခြောက်စေမည်။ သူတို့ အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်းဖြစ်စေမည်။ ရေကန်များကို ခမ်း​ခြောက်စေမည်။ ၁၆ မျက်စိကန်းသော သူတို့ကို မိမိတို့မသိသော လမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မ​ကျွမ်းသော ခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သော ကျေးဇူးကိုပြုမည်။ သူတို့ကိုမစွန့်ပစ်။


၁၇ ရုပ်တု၊ ဆင်းတုကို ခိုလှုံ၍ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဘုရား ဖြစ်တော်မည်၏၊ ဟုသွန်းသော ရုပ်တုတို့အား ဆိုသောသူတို့သည် လှန်ခြင်းကိုခံရ၍၊ အလွန်အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။ ၁၈ နားပင်းသောသူတို့၊ ကြားကြလော့။ မျက်စိကန်းသောသူတို့၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှုကြလော့။ ၁၉ ငါ​ကျွန်မှတပါး အဘယ်သူ ကန်းသနည်း။ ငါစေလွှတ်သော တမန်ကဲ့သို့ အဘယ်သူသည် နားပင်းသနည်း။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူ ကန်းသနည်း။ ထာဝရဘုရား၏ ​ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း။ ၂၀ သင်သည် များစွာမြင်သော်လည်း အာရုံမပြုတတ်။ နားပွင့်လျက် ရှိသော်လည်း မကြားတတ်။ ၂၁ ထာဝရဘုရားသည် မိမိ​ဖြောင့်မတ်ခြင်းကြောင့် အားရ နှစ်သက်သဖြင့်၊ တရားတော်ကို ချီးမြှောက်၍ ဂုဏ်သရေနှင့် ပြည့်စုံတော်မူစေသည်။


၂၂ ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုးဖြစ်၏။ ရှိသမျှတို့သည် တွင်း၌ အချုပ်ခံရ၍၊ ထောင်ထဲမှာ ပုန်းကွယ်လျက် နေကြ၏။ ဖျက်ဆီးရာ ဖြစ်သောအခါ၊ အဘယ်သူမျှ မနှုတ်မယူ။ လုယူရာ ဖြစ်သောအခါ၊ ပြန်ပေးလော့၊ ဟုအဘယ်သူမျှ မဆို။ ၂၃ သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း။ နောင်ကာလဘို့ အဘယ်သူ ကြား၍ မှတ်မည်နည်း။ ၂၄ လုယူရာ ဖြစ်စေခြင်းငှါ၊ ယာကုပ်ကို၎င်း၊ ဓါးပြတို့လက်သို့ ဣသရေလကို၎င်း၊ အဘယ်သူ အပ်သနည်း။ ငါတို့ပြစ်မှားသော အရှင် ထာဝရဘုရား အပ်တော်မူသည် မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက် တရားတော်ကို မကျင့်ဘဲ နေကြ၏။ ၂၅ ထိုကြောင့်၊ ပြင်းစွာသော အမြတ်တော်ထွက်ခြင်း၊ ကြမ်းတမ်းသော စစ်တိုက်ခြင်းကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့်၊ သူတို့ ပတ်လည်၌ မီးရှို့၏။ သို့သော်လည်း၊ သူတို့သည် မသိကြ။ မီးလောင်သော်လည်း၊ သတိမထားဘဲ နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.