ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃၉
ဟေဇကိမင်းက ဗာဗုလုန်တမန်များ ပိုင်သမျှပြ
၁ ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်း နာ၍၊ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင် ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။ ၂ ဟေဇကိမင်းသည် သူတို့ ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော် အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော် အရပ်ရပ်၌ မပြသော အရာတစုံတခုမျှမရှိ။
ဟေဇကိပိုင်သမျှ ဗာဗုလုန်များက သိမ်းမည်
၃ ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့ သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်း၊ ဟုမေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်၊ ဟုပြန်ပြော၏။ ၄ နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်း၊ ဟုမေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသော အရာတစုံတခုမျှ မရှိ၊ ဟုပြန်ပြော၏။ ၅ ထိုအခါ ဟေရှာယက၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။ ၆ နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှမကျန် ကြွင်းရ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၇ သင်နှင့်နွယ်၍ ရသောသင်၏ သားမြေးတို့ကိုလည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော် လုပ်ရကြလိမ့်မည်၊ ဟုဟေဇကိမင်းအား ပြောဆိုလေ၏။ ၈ ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏ နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍၎င်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်း ရှိရလိမ့်မည်ဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ၏။