-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၃၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃၇


ရန်သူကြောင့် ဟေဇကိမင်းက မှူးမတ်များ ဟေရှာယထံလွှတ်

ထိုစကားကို ဟေဇကိ မင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိမာန်တော်သို့ သွားလေ၏။ လျှော်တေ အဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေ့ဗန၊ အသက်ကြီးသော ယဇ်ပုရော ဟိတ်တို့ကို၊ အာမုတ်သား ပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ၏။ ဟေဇကိမင်း မှာထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောနေ့ဖြစ်၏။ သားဖွားချိန်ရောက်၍ သားကို ဖွားနိုင်အောင် ခွန်အားမရှိ။ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိ​ကျွန် ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသော စကားကို ချေတော်မူပါစေသော်။ သင်သည်လည်း ကျန်ကြွင်းသော လူတို့အဘို့ ဆုတောင်း ပဌနာပြုပါ၊ ဟုပြောစေခြင်းငှါ။ ဟေဇကိမင်း စေလွှတ်သော​ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။


ဟေရှာယက မကြောက်ဘို့ပြော

ဟေရှာယကလည်း၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာရှုရိ ရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍၊ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့်။ ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓါးဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့၊ ဟုပြောဆို၏။


ထာ၀ရဘုရားကို အခြားဘုရားများနှင့် နှိုင်း

ထိုအခါ အာရှုရိရှင် ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗနမြို့ကို ရှင်ဘုရင် တိုက်နေသည်ကို တွေ့လေ၏။ နောက်တဖန် ကုရှမင်းကြီး တိရက္ကသည် စစ်ချီ၍ လာပြီ၊ ဟုသိတင်းကြားသောအခါ၊ ဟေဇကိမင်း ထံသို့တမန်တို့ကို စေလွှတ်ပြန်၍၊ ၁၀ သင်တို့သည် ယုဒမင်းကြီး ဟေဇကိကို ပြောရသော စကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင် ဘုရင်လက်သို့ မရောက်ရဟူ၍၊ သင့်ကို မလှည့်စားစေနှင့်။ ၁၁ အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသော ပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။ ၁၂ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ ရှိသော ဧဒင်အမျိုးသားတို့ကို၊ သူတို့၏ ဘုရားများတို့သည် ကယ်ယူကြပြီလော။ ၁၃ ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသော မင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်း၊ ဟုမှာလိုက်လေ၏။


ဟေဇကိမင်းဆုတောင်း

၁၄ ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့သွား၍ ထာဝရဘုရား ရှေ့တော်၌ ဖြန့်ထားလေ၏။ ၁၅ ထိုအခါ ဟေဇကိမင်းသည် ထာဝရဘုရား ရှေ့တော်၌ လျှောက်ဆိုသည်ကား၊ ၁၆ ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော် တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှသော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ ၁၇ အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသော စကားအလုံးစုံတို့ကို မှတ်တော်မူပါ။ ၁၈ အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိ ရှင်ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊ သူတို့၏ ဘုရားများကို မီးထဲသို့ ချပစ်ကြပါပြီ။ ၁၉ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့် လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ ၂၀ အိုအ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရား တပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာ ရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အ​ကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ။ အ​ကျွန်ုပ် တောင်းပန်ပါသည်၊ ဟုပဌနာပြုလေ၏။


ထာ၀ရဘုရား မိန့်တော်မူချက်

၂၁ ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင် သနခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာ ပဌနာပြုသည် ဖြစ်၍၊ ၂၂ ထိုမင်း၏ အမှုမှာ ထာဝရဘုရား မိန့်တော်မူသော စကားဟူမူကား၊ ဇိအုန် သတို့သမီးကညာသည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ယယ်၏။ ယေရုရှလင် သတို့သမီးသည် သင့်နောက်၌ ခေါင်းညှိတ်၏။ ၂၃ သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာ ထောင်လွှားသနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကိုပင် ပြုပါသည်တကား။ ၂၄ သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများ ပြားသဖြင့် တောင်ထိပ်သို့၎င်း၊ လေဗနုန်တောင် အထွဋ်သို့၎င်း တက်လာပြီ။ အရပ်မြင့်သော အာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရှူးပင်တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသော အရပ်၊ အသီးများသော တောထဲသို့ ငါဝင်ပြီ။ ၂၅ ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တု မြစ်လက်ကြား ရေရှိသမျှကို ခန်း​ခြောက်စေပြီ၊ ဟုသင်ဆိုမိပြီတကား။ ၂၆ ငါသည်အ ထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး၍ ကျောက်ပုံဖြစ်စေသော သူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။ ၂၇ ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏၊ မှိုင်တွေ၍ စိတ်ပျက်လျက် ရှိကြ၏။ တောမြက်ပင်နှင့် စိမ်းသော စပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့်၊ မကြီးမှီညှိုးနွမ်းသော စပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။ ၂၈ သင်၏နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌ အမျက်ဟုန်းခြင်းတို့ကို ငါသိ၏။ ၂၉ ငါ၌ သင်၏ အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။


မှတ်ရသော နိမိတ်လက္ခဏာ

၃၀ သင်မှတ်ရသော နိမိတ်လက္ခဏာ ဟူမူကား၊ ယခုနစ်တွင် အလိုလို ကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယနှစ်တွင် ထိုအတူ ပေါက်သော အရာများကို၎င်း သင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။ ၃၁ ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တဖန်အောက်မှာ အမြစ်စွဲ၍၊ အထက်မှာ အသီးသီး ကြလိမ့်မည်။ ၃၂ ကျန်ကြွင်းသော သူတို့သည် ယေရုရှလင် မြို့ထဲက၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က၎င်း၊ ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော်မူလိမ့်မည်။


ယေရုရှလင်မြို့ကို ဘုရားကယ်တင်မည်

၃၃ သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရှိ ရှင်ဘုရင်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့မဝင်ရ။ မြို့ထဲသို့ မြှားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကိုမပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။ ၃၄ လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။ ၃၅ ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့​ကျွန် ဒါဝိဒ်၏ မျက်နှာကို၎င်း ထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။


ကောင်းကင်တမန်က အာရှုရိစစ်သား ၁၈၅၀၀၀ သတ်

၃၆ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထွက်၍၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။ ၃၇ အာရှုရိ ရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ၏။ ၃၈ နောက်တဖန် သူသည် မိမိဘုရား နိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော် အာဒြမ္မေလက်နှင့် ရှရဇောသည် ခမည်းတော်ကို ဓါးနှင့်သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန်သည်လည်း၊ ခမည်းတော်အရာ၌ နန်းထိုင်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.