ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃၅
ဘုရား၏ ဘုန်းတော် ထင်ရှားလိမ့်မည်
၁ တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့် လိမ့်မည်။ ၂ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ ဘုရားသခင်၏ တန်ခိုး အာနုဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။ ၃ အားမရှိသော လက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သောဒူးတို့ကို မြဲမြံစေကြလော့။ ၄ အားယူကြလော့။ မစိုးရိမ်ကြနှင့်၊ ဟုကြောက်တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက် ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်။ ၅ ထိုအခါ မျက်စိ ကန်းသောသူတို့သည် မျက်စိပွင့်လင်း ကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ၆ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆို ကြလိမ့်မည်။ အကြောင်းမူကား၊ တော၌ စမ်းရေထွက်၍၊ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။ ၇ တံလျှပ်သည် ရေကန် ဖြစ်လိမ့်မည်။ သွေ့ခြောက်သော မြေသည် စမ်းရေတွင်း ဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်။ ၈ ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာ လမ်း၊ ဟုသမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မရှောက်မသွားရ။ သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင် ခရီးသွားလျက် ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။ ၉ ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတကောင်မျှ မတက်မလာရ။ ရှာ၍မတွေ့ရ။ ရွေးနှုတ်သော သူတို့သာလျှင် ခရီးသွားကြလိမ့်မည်။ ၁၀ ထာဝရဘုရား ကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍၊ သီချင်းဆိုလျက် ထာဝရ ဝမ်းမြောက်ခြင်း သရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက် ရွှင်လန်းခြင်းအခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။