ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃၂
တရားသော ရှင်ဘုရင်ပေါ်ထွန်းမည်
၁ ကြည့်ရှုလော့။ တရားသဖြင့် အုပ်စိုးသော ရှင်ဘုရင်တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ [A] မင်းသားမှုးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။ ၂ ထိုမင်းတို့သည် လေလုံ၍ မိုးသက် မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းရေကဲ့သို့၎င်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီး အရိပ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။ ၃ မျက်စိ မြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့်မည်။ ၄ သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ ပညာရှိလိမ့်မည်။ စကားအသောသူ၏ လျှာသည်လည်း စကားပြီအောင် ပြောတတ်လိမ့်မည်။ ၅ ယုတ်သောသူကို နောက်တဖန် အမြတ်ဟူ၍၎င်း၊ စေးနှဲသောသူကိုလည်း နောက်တဖန် စွန့်ကြဲတတ်သောသူ ဟူ၍၎င်း မခေါ်ရ။ ၆ အကြောင်းမူကား၊ ယုတ်သောသူသည် လျှို့ဝှက်လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့် ပြစ်မှားလျက်၊ မွတ်သိပ်သောသူကိုသာ၍ ဆင်းရဲစေခြင်းငှါ၎င်း၊ ရေငတ်သောသူကို ရေမသောက် စေခြင်းငှါ၎င်း၊ ယုတ်သောစကားကိုပြော၍ မကောင်းသော အကြံကို ကြံလေဦးမည်။ ၇ စေးနှဲသောသူ သုံးဆောင်ရာ တန်ဆာသည်လည်း ဆိုးလှ၏။ ဆင်းရဲ ငတ်မွတ်သောသူ၏အမှုသည် မှန်သော်လည်း၊ ထိုသို့သောသူကို မုသာစကားအားဖြင့် ဖျက်ဆီးခြင်းငှါ၊ မကောင်းသော အကြံကိုသာ ကြံတတ်၏။ ၈ စေတနာရှိသောသူမူကား၊ စေတနာနှင့် ဆိုင်သော အကြံတို့ကို ကြံစည်တတ်၏။ စေတနာနှင့် ဆိုင်သော အရာများအားဖြင့် တည်ရလိမ့်မည်။
ငြိမ်သက်နေသော မိန်းမ တို့ထကြတုန်လှုပ်ကြ
၉ ငြိမ်သက်စွာနေသော မိန်းမတို့သည် ထကြ။ ငါပြောသံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့၊ ငါ့စကားကို နားထောင်ကြလော့။
၁၀ သတိမရှိသော မိန်းမတို့၊ သင်တို့သည် တနှစ်လွန်မှ ပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်းခြင်းအမှု ပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာ ကာလမရောက်ရ။
၁၁ ငြိမ်သက်စွာ နေသောမိန်းမတို့၊ တုန်လှုပ်ကြလော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ်တန်ဆာ ရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌ လျှော်တေအဝတ်ကို စည်းကြလော့။
၁၂ ရင်ပတ်ကို ခတ်ခြင်း၊ သာယာသော လယ်ယာနှင့် အသီးများသော စပျစ်နွယ်ပင် အတွက် ညည်းတွားခြင်း ရှိလိမ့်မည်။
၁၃ ငါ့လူတို့၏ မြေကို၎င်း၊ ဝမ်းမြောက်သော အိမ်နှင့် ရွှင်လန်းသော မြို့ကို၎င်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက်၍ လွှမ်းမိုးကြလိမ့်မည်။
၁၄ ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံငြိမ်းလိမ့်မည်။ ဩဖေလကုန်း
(a) နှင့်ရဲတိုက်တို့သည် အစဉ်မြေတွင်းနှင့် ပြည့်စုံ၍၊ ရိုင်းသော မြည်းပျော်မွေ့ရာ၊ သိုးစုကျက်စားရာ ဖြစ်ကြလိမ့်မည်။
၁၅ ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ်သို့ သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသော လယ်သည် တောအုပ်ကဲ့သို့ မှတ်ရသော ကာလမရောက်မှီ တိုင်အောင်၊ ထိုသို့ဖြစ် ကြလိမ့်မည်။
၁၆ ထိုအခါတော၌ကား၊ တရားသဖြင့် စီရင်ခြင်းတည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ်ခြင်း ပါရမီသည် အမြဲနေရလိမ့်မည်။
၁၇ ဖြောင့်မတ်ခြင်း တရားသည်လည်း ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။
၁၈ ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။
၁၉ သို့ရာတွင်၊ မိုးသီးကျသဖြင့် တောအုပ်ကိုလှဲ၍၊ မြို့ကိုလည်း မြေနှင့်တညီတည်း ဖြိုဖျက်လိမ့်မည်။
၂၀ ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေနှင့် မြည်းခြေတို့ကို လွှတ်တတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။
_________________________
Footnotes
၁၄ (a) עֹ֣פֶל ō·p̄el "ဩဖေလကုန်း"သည်ခံတပ်ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ နှစ်ခါသာသုံးသည်။ ဤနေရာနှင့်မိက္ခာ ၄း၈ ၌"ဇိအုန်သတို့သမီးနေရာကုန်း၊" ဖြစ်သည်။