ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂၃
တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်
၁ တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည်တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။ ၂ ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။ ၃ များသောရေကို အမှီပြုသော ရှိဟောရမျိုးစေ့၊ မြစ်၏အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ စျေးဖြစ်လေပြီ။ ၄ အိုဇိဒုန်မြို့၊ ရှက်ကြောက်ခြင်းရှိလော့။ အကြောင်းမူကား၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီးက၊ ငါသည် ကိုယ်ဝန်မဆောင်၊ သားမဖွား၊ လူပျိုနှင့် အပျိုမတို့ကို မမွေးမြူရ၊ ဟုပြောဆို၏။ ၅ အဲဂုတ္တု ပြည်သားတို့သည် တုရုမြို့ သိတင်းကို ကြားသောအခါ၊ ထိုသိတင်းကြောင့် အလွန် စိတ်ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။ ၆ တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့၊ ညည်းတွား မြည်တမ်းကြလော့။ ၇ ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ရွှင်လန်းသော မြို့လော။ ဝေးသောအရပ်၌ တည်းခိုခြင်းငှါ၊ မိမိခြေတို့သည် မိမိကို ဆောင်သွားကြ၏။ ၈ တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သော မြို့ဖြစ်လျက်၊ သူ၏ ကုန်သည်တို့သည် မင်းသား၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီ မှူးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း။ ၉ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ၎င်း၊ မြေကြီး မှူးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ၎င်း၊ ထိုသို့ ကြံစည်တော်မူ၏။ ၁၀ အိုတာရှုမြို့၏သမီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့။ ၁၁ ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ၊ ထာဝရဘုရား အမိန့်တော်ရှိ၏။ ၁၂ ညှဉ်းဆဲခြင်းကို ခံရသောကညာ၊ ဇိဒုန်မြို့၏သမီး၊ သင်သည် နောက်တဖန် ရွှင်လန်းခြင်း မရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက်ခြင်း မရှိရ၊ ဟုမိန့်တော်မူ၏။ ၁၃ အထက်က မရှိသော ခါလဒဲအမျိုးသားတို့ နေသောပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင်၏။ ထိုပြည်သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော်များနှင့် မြို့ကိုလည်း ရှင်းရှင်း ဖျက်ဆီးကြ၏။ ၁၄ တာရှုသင်္ဘောများတို့၊ ညည်းတွား မြည်တမ်းကြလော့။ သင်တို့၏မြို့ကြီးသည် ပျက်ကုန်ပြီ။
၁၅ ထိုကာလ၌ တုရုမြို့ကို၊ မင်းဆက်တဆက် အတိုင်းအရှည်၊ အနှစ်ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှ မအောက်မေ့ရ။ အနှစ်ခုနစ် ဆယ်လွန်သောအခါ၊ ပြည်တန်ဆာ မိန်းမအား သီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့်မည်။ ၁၆ အဘယ်သူမျှ မအောက်မေ့သော ပြည်တန်ဆာမိန်းမ၊ စောင်းကိုကိုင်၍ မြို့တွင် လှည့်လည်လော့။ သူတပါးတို့သည် သင့်ကို သတိရစေခြင်းငှါ၊ သာယာသော အသံနှင့်တီး၍၊ သီချင်းကို များစွာဆိုလော့။ ၁၇ အနှစ်ခုနစ်ဆယ် လွန်သောအခါ၊ ထာဝရဘုရားသည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တဖန် အမြတ်ရသော ဘာသာသို့လိုက်ပြန်၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့နှင့် မတရားသော မေထုန်ကို ပြုလိမ့်မည်။ ၁၈ သို့ရာတွင်၊ သူ၏ကုန်သွယ်ခြင်း၊ အမြတ်ရခြင်းအရာတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်းလိမ့်မည်။ ဆည်းဖူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာသည် ထာဝရဘုရား ရှေ့တော်၌ နေသောသူတို့အဘို့ ဖြစ်၍သူတို့သည် ဝစွာစား၍ ခိုင်သော အဝတ်ကို ဝတ်ကြလိမ့်မည်။