ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၈
အဲသယောပိနှင့်ဆိုင်သော စီရင်ခြင်း
၁ အဲသယောပိ မြစ်ဖျားအနားမှာ အသံမြည်တတ်သော အတောင်ရှိ၍၊ ၂ ပင်လယ်လမ်းဖြင့်၎င်း၊ ရေပေါ်၌ ဂမာလှေဖြင့်၎င်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင်၊ ကြောက်မက်ဘွယ် ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်ကွဲပြားသော မြေ၌ နေသော လူမျိုးထံသို့လျှင် မြန်သောတမန်တို့ သွားကြလော့။ ၃ လောကီနိုင်ငံ၌ နေသော မြေကြီးသား အပေါင်းတို့၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့်ရှုကြလော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။ ၄ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့၎င်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့်ပြည့်စုံသော မိုးတိမ်ကဲ့သို့၎င်း၊ ငါသည်ကျိန်းဝပ်၍ ငါ့နေရာအရပ်မှာ ကြည့်ရှုမည်။ ၅ စပျစ်သီးကို သိမ်းယူရာ ကာလ မတိုင်မီ အငုံစေ့စုံ၍၊ အပွင့်လည်း လုံးသော အသီးဖြစ်စဉ်အခါ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊ အခက် အလက်များကို သုတ်သင် ပယ်ရှင်းတော်မူမည်။ ၆ သူတို့သည် တောင်ပေါ်မှာ နေတတ်သော ငှက်များ၊ တောသားရဲများတို့၏ အဘို့ဖြစ်၍၊ ငှက်တို့သည် နွေကာလ၌၎င်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ၌၎င်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။ ၇ ထိုအခါ ခိုင်မာ ပြင်းထန်လျက် ရှေးဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဖွယ် ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်များ ကွဲပြားသောမြေ၌ နေသောလူမျိုးသည်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော် တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားဘို့ လက်ဆောင်ပဏာကို ဆောင်းခဲ့ကြလိမ့်သတည်း။