ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၇
ဒမာသက်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်
၁ ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာ ပုံဖြစ်ရ၏။ ၂ အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည် ပိုင်၍၊ အဘယ်သူမျှ မမောင်းဘဲ အိပ်ကြလိမ့်သည်။ ၃ ဧဖရိမ်ပြည်၌ မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းသရေကဲ့သို့ ဖြစ်ရကြလိမ့်မည်၊ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၄ ထိုကာလ၌ ယာကုပ်အမျိုး၏ ဘုန်းသည် လျော့၍၊ ဆူဝခြင်းလည်း ပိန်ကြုံခြင်း ဖြစ်ရလိမ့်မည်။ ၅ လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများကို လက်နှင့် ရိတ်သကဲ့သို့၎င်း၊ ရေဖိမ်ချိုင့်၌ အသီး အနှံတို့ကို ရိတ်သိမ်းသကဲ့သို့၎င်း၊ ထိုအမှု ဖြစ်ရလိမ့်မည်။ ၆ သို့ရာတွင်၊ သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံး ရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်၊ ဟုဣသရေလ အမျိုး၏ဘုရား သခင် ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားကို ဖူးမျှော်ရလိမ့်မည်
၇ ထိုကာလ၌ လူသည် မိမိကို ဖန်ဆင်းတော်မူသော အရှင်ကို ရည်မှတ်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်းတော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်။ ၈ မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအရာ တည်းဟူသော အာရှရပင်တို့ကို၎င်း၊ ရုပ်တုတို့ကို၎င်း ပမာဏမပြုရ။ ၉ ထိုကာလ၌ သူ၏ခိုင်ခံ့သော မြို့တို့သည် ဣသရေလ အမျိုးသားရှေ့မှာ စွန့်ပစ်သော သစ်တောအကျန်အကြွင်းနှင့် သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက် ရှိရလိမ့်မည်။ ၁၀ သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့၍၊ မိမိခိုလှုံရာ ကျောက်ကို မိမိ မအောက်မေ့သောကြောင့် သာယာသော ပျိုးပင်တို့နှင့် တကျွန်းတနိုင်ငံ အညွန့်တို့ကို စိုက်၍၊ ၁၁ ထိုပင်တို့ကို ကြီးပွားစေခြင်းငှါ၎င်း၊ အလျှင်အမြန် အပွင့်ပွင့် စေခြင်းငှါ၎င်း၊ ပြုပြီးမှ သိမ်းယူရာကာလ၌ အသီးအနှံသည် ပျက်စီး၍၊ သင်သည် မပျောက်နိုင်သော ဝမ်းနည်းခြင်း ရှိရလိမ့်မည်။ ၁၂ သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သော လူများ အလုံးအရင်းတို့၌၎င်း၊ အားကြီးသော ရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သော လူမျိုးတို့၌၎င်း အမင်္ဂလာရှိ၏။ ၁၃ အားကြီးသော ရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့၎င်း၊ လေဘွေ၌ ပါသွားသော အမှိုက်ကဲ့သို့၎င်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။ ၁၄ ညဦးယံ၌ ဘေးရောက်၍ နံနက်ယံ မတိုင်မှီ ပျောက်ကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသော သူတို့သည် ထိုသို့သောအကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသော သူတို့သည်။ ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည်။