ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၆
မောဘပြည်ကိုစီရင်ခြင်း
၁ မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့ [A]။ သေလမြို့မှ တောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ ပေးလိုက်ကြလော့။ ၂ မိမိအသက်ကို စွန့်ပစ်၍ လည်ရသော ငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာ ကမ်းနားမှာ ရှိကြလိမ့်မည်။ ၃ အကြံပေးလော့။ တရားသဖြင့်စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေလော့။ နှင်ထုတ်သော သူတို့ကို ဝှက်ထားလော့။ ပြေးသောသူတို့ကိုမပြနှင့်။ ၄ မောဘပြည်မှ နှင်ထုတ်သောသူတို့သည် သင်နှင့်အတူ နေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ၊ သူတို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲသောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိမ်နင်းသောသူတို့ကို မြေပေါ်က ပယ်ရှင်းလေပြီ၊ ၅ ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌ တည်လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျှင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏ တဲတော်၌ တရား စီရင်တော်မူလိမ့်မည်။
မောဘ၏မာန
၆ မောဘ၏မာနကို ငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသ အမျက်ထွက်ခြင်းရှိ၍ အချည်းနှီးသက်သက် ဝါကြွားသော စကားကို ပြောတတ်၏။ ၇ ထို့ကြောင့်၊ မောဘသည် မိမိအတွက် ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်းတွား မြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ ပျက်သည်အတွက် သင်တို့သည် ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။ ၈ ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ၏။ စိဗမာ (Sibmah) စပျစ်နွယ်ပင် အညွန့်များကိုလည်း တပါးအမျိုးသား မင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က၊ ယာဇာမြို့ တိုင်အောင်ရောက်၍ တော၌ လည်တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ်ကို လွန်ကြ၏။ ၉ ထို့ကြောင့်၊ ယာဇာမြို့အတွက် မျက်ရည် ကျသကဲ့သို့၊ စိဗမာ စပျစ်နွယ်ပင်အတွက် ငါသည် မျက်ရည်ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကို ရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။ ၁၀ ဝပြောသော လယ်ပြင်ထဲမှာ ဝမ်းမြောက် ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာ ကျင်း၌ စပျစ်သီးကို နင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံကိုလည်း ငါပြတ်စေပြီ။ ၁၁ ထို့ကြောင့်၊ ငါဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက် စောင်းကဲ့သို့ မြည်ရလိမ့်မည်။ ၁၂ ထိုအခါ မောဘသည် မိမိမြင့်သော အရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပဌနာပြုအံ့သောငှါ မိမိသန့်ရှင်းရာ ဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားခြင်းသော်လည်း၊ အကြံမမြောက်နိုင်ရာ။
၁၃ ထိုသို့ ထာဝရဘုရားသည် မောဘ၏ အကြောင်းစကားကို အထက်က မိန့်တော်မူ၏။ ၁၄ ယခုတဖန် မိန့်တော်မူသည်ကား၊ အခစားသော သူရေတွက်သည် အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ ရောက်ရမည်။ ကျန်ကြွင်းသော သူတို့သည် အလွန်နည်း၍၊ ခွန်အား ကုန်ရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။