ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၅
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်
၁ မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်ကား၊ လုပ်ကြံသောညအခါ၊ မောဘပြည်အာရမြို့သည်ပျက်စီး၏။ လုပ်ကြံသောညအခါ၊ မောဘပြည်ကိရမြို့သည်ပျက်စီး၏။ ၂ ပြည်သားတို့သည်ဗတ်မြို့၊ ဒိဘုန်မြို့၌ မြင့်သောအရပ်သို့တက်၍ငိုကြွေးကြ၏။ မောဘပြည်သားတို့သည်နေဗောမြို့၊ မေဒဘမြို့ပေါ်မှာညည်းတွားမြည်တမ်းကြ၏၊ သူတို့ခေါင်းပေါ်မှာဆံပင်မရှိ။ သူတို့မုတ်ဆိတ်ကိုလည်းရိတ်ပယ်ပြီ။ ၃ လမ်းခရီးတို့တွင်လျှော်တေအဝတ်ကိုဝတ်ကြ၍၊ အိမ်မိုးအပေါ်၌ ၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသောသူတို့သည်ညည်းတွားမြည်တမ်း၍၊ အလွန်မျက်ရည်ကျကြ၏။ ၄ ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့လည်းငိုကြွေး၍၊ ငိုသံသည်ယာဟတ်မြို့တိုင်အောင်ကြားရ၏။ မောဘသူရဲတို့သည်လည်းတုန်လှုပ်သောစိတ်နှလုံးနှင့်ငိုကြွေးကြ၏။ ၅ ငါ့နှလုံးသည်လည်းမောဘအဘို့ငိုကြွေး၏။ ပြေးသောသူတို့သည်သုံးနှစ်အသက်ရှိသောနွားမကဲ့သို့ဇောရမြို့တိုင်အောင်လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့မျက် ရည်ကျလျက်တက်ကြ၏။ ဟောရနိမ်မြို့သို့သွားသောလမ်း၌ လည်းဆုံးရှုံးခြင်းအသံကိုလွှင့်ကြ၏။ ၆ အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည်ဆိတ်ညံ၍မြက်ပင်များသွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များလည်းသေခဲ့ပြီ။ စိမ်းသောအပင်တပင်မျှမရှိ။ ၇ ထို့ကြောင့်၊ သူတို့သည်မိမိတို့ဆည်းဖူးသောဥစ္စာ၊ သိုထားသောဘဏ္ဍာများကိုမိုးမခပင်ချိုင့်သို့ယူသွားလိမ့်မည်။ ၈ ငိုကြွေးသောအသံသည်မောဘပြည်ကိုနှံ့ပြားလေ၏။ ညည်းတွားမြည်တမ်းသောအသံသည်ဧဂလိမ်မြို့တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့တိုင်အောင်၎င်းရောက်လေ၏။ ၉ အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည်အသွေးနှင့်ပြည့်ကြ၏။ ဒိမုန်မြို့အပေါ်မှာအခြားသောဘေးများကို၎င်း၊ လွတ်အောင်ပြေးသောမောဘပြည်သားနှင့်၊ ကျန်ကြွင်းသောပြည်သားအပေါ်မှာခြင်္သေ့တို့ကို၎င်းငါရောက်စေမည်။