ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၂
ထာဝရဘုရားကို ချီးမွမ်းကြ လိမ့်မည်
၁ ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါမည်၊ အကျွန်ုပ်ကို အမျက် ထွက်တော်မူသော်လည်း၊ တဖန်အမျက်တော်ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။ ၂ ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ၃ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့် ကယ်တင်ခြင်း စမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်။ ၄ ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖေါ်ပြကြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။ ၅ ထာဝရဘုရားကို ထောမနာ သီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ။ အိုဇိအုန်သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားသည်၊ သင်၏အလယ်၌ ဘုန်းကြီးတော်မူ၏၊ ဟုမြွက်ဆိုရလိမ့်မည်။