-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၀


အမင်္ဂလာရှိသောသူများ

ငတ်မွတ်သောသူတို့ကို တရားရှုံးစေခြင်းငှါ၎င်း၊ ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့်အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသော သူတို့၏ဥစ္စာကို လုယူခြင်းငှါ၎င်း၊ မတရားသဖြင့် စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။ ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးက ရောက်လတံ့သော ဖျက်ဆီးခြင်း ဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်းသာရအံ့သောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထားကြလိမ့်မည်နည်း။ ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထားလျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသောသူ တို့အောက်မှာ လဲရကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။


အာရှုရိလူသည် အမင်္ဂလာ

အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သော တောင်ဝေးသည် ငါဒဏ်ပေးစရာဘို့ ဖြစ်၏။ အဓမ္မလူမျိုးရှိရာသို့ သူ့ကို ငါစေလွှတ်မည်။ ငါ့အမျက်ခံရာလူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကဲ့သို့ ကျော်နင်းစေခြင်းငှါ၊ သူ့ကို ငါမှာထားမည်။ သို့သော်လည်း၊ သူသည် အခြားသောအကြံ၊ အခြားသောအလိုရှိ၏။ သူသည် ဖျက်ဆီး၍၊ များစွာသော လူမျိုးတို့ကို ပယ်ရှင်းခြင်းငှါ အလိုရှိ၏။ သူသည် အဘယ်သို့ ဆိုသနည်းဟူမူကား၊ ငါ၏မှူးမတ်တို့သည် မင်းကြီး ဖြစ်ကြသည် မဟုတ်လော။ ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း၊ ဖြစ်သည် မဟုတ်လော။ ၁၀ ရှမာရိရုပ်တုနှင့် ယေရုရှလင် ရုပ်တုထက်သာ၍ မြတ်သော ရုပ်တုဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံများကို ငါလုယူသကဲ့သို့၎င်း၊ ၁၁ ရှမာရိမြို့နှင့် သူ၏ရုပ်တုတို့ကို ငါပြုသကဲ့သို့၎င်း၊ ယေရုရှလင်မြို့နှင့် သူ၏ရုပ် တုတို့ကို ငါပြုမည်မဟုတ်လော၊ ဟုဆိုတတ်၏။


အာရှုရိရှင်ဘုရင်ကို တရားစီရင်မည်

၁၂ သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ်တော်မူပြီးမှ၊ အာရှုရိရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။ ၁၃ ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံးသတ္တိနှင့် ကိုယ်ဥာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတိနှင့် ငါပြည့်စုံ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍာကို လုယူပြီး၊ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ။ ၁၄ ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာ ပစ္စည်းကို တွေ့ပြီ။ စွန့်ပစ်သော ငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှတို့ကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်ကို မလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်၊ ဟုဆိုသည်ဖြစ်၍၊ ၁၅ ကြိမ်လုံးသည် ကိုင်သောသူကို လှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကို ချီကြွသကဲ့သို့၎င်း၊ ပုဆိန်သည် ခုတ်သောသူကို စော်ကားရမည်လော။ လွှသည် တိုက်သောသူကိုရန်ပြု၍ ထောင်လွှားရမည်လော။ ၁၆ ထိုကြောင့်၊ ကောင်းကင် ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံခြင်းကို သွင်းပေးတော်မူမည်။ သူ၏ဘုန်းအောက်၌လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော်မူမည်။ ၁၇ ဣသရေလအမျိုး၏ အလင်းသည် မီးဖြစ်တော်မူမည်။ သန့်ရှင်းသောဘုရားသည် မီးလျှံဖြစ်တော်မူမည်။ တနေ့ခြင်းတွင်၊ ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ​ကျွမ်းစေတော်မူမည်။ ၁၈ တော၏ဘုန်းကို၎င်း၊ အသီးအနှံထွက်သော လယ်၏ဘုန်းကို၎င်း၊ သူကိုယ်ခန္ဓာ ဝိညာဉ်နှင့်တကွ ကုန်စေတော်မူသဖြင့်၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့လိမ့်မည်။ ၁၉ ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်းယူနိုင်အောင်၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။


ဣသရေလအမျိုးသည် ထာ၀ရဘုရား ပြန်အားကိုးမည်

၂၀ ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလ အမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိတို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား၌ အမှန် ကိုးစားကြလိမ့်မည်။ ၂၁ ကြွင်းသောသူတည်းဟူသော၊ ယာကုပ်အမျိုး၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရားသခင့်ထံသို့ ပြန်လာကြလိမ့်မည်။ ၂၂ အိုဣသရေလအမျိုး၊ သင်၏ အမျိုးသားတို့သည် သမုဒ္ဒ​ရာသဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ပြန်လာကြလိမ့်မည်။ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရလိမ့်မည်။ ၂၃ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည် မြေတပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင်ပယ်ရှင်းခြင်းကို ပြုတော်မူလိမ့်မည်။


ငါ့လူတို့အာရှုရိကိုမကြောက်နှင့်

၂၄ ထိုကြောင့်၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌ နေသောငါ၏လူမျိုး၊ အာရှုရိမင်းကြောင့် မကြောက်နှင့်။ သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ၏လှံတံကို သင်၏အပေါ် မှာမိုးလိမ့်မည်။ ၂၅ သို့သော်လည်း၊ ခဏကြာပြီးမှ သူတို့သည်ပျက် စီးခြင်းသို့ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍၊ ၂၆ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရားသည် ဩရဘ(Oreb)ကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကို လှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊ အဲဂုတ္တုလက်ထက်၌ ကဲ့သို့ တဖန် လှံတံတော်ကို ချီတော်မူမည်။ ၂၇ ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်က၎င်း၊ သူ၏ထမ်းပိုးကို သင်၏ လည်ပင်းပေါ်က၎င်း ချရ၏။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းပိုး ပျက်စီးရ၏။


ဘုရားသခင်၏ တရားစီရင်ခြင်း

၂၈ အာရပ်မြို့သို့ ရောက်လေပြီ။ မိဂရုန်မြို့တိုင်အောင် လွန်သွားပြီ။ မိတ်မတ်မြို့၌ လှည်းများကို ချထားပြီ။ ၂၉ တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စခန်းချကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလုနေရာ ဂိဗာမြို့သည် ပြေး၏။ ၃၀ အိုဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အိုလဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။ ၃၁ မာဒမေနမြို့သည်ပြောင်းသွားပြီ။ ဂေဗိမ်မြို့သားတို့သည် လွတ်အောင် ပြေးကြ၏။ ၃၂ နောဘမြို့၌ တရက်နေပြီးမှ ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရုရှလင် တောင်ကိုရွယ်၍၊ မိမိလက်ကို လှုပ်လိမ့်မည်။ ၃၃ ကောင်းကင် ဗိုလ်​ခြေ သခင်အရှင် ထာဝရဘုရားသည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင်အထွဋ်ကို ပယ်ရှင်းတော်မူမည်။ အရပ်မြင့်သော အခက်တို့ကို ခုတ်လှဲ၍၊ ကြီးမားသော အခက်တို့ကို နှိမ့်ချတော်မူမည်။ ၃၄ တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနုန်တောသည် တန်ခိုးကြီးသောသူ၏ လက်အားဖြင့် လဲလျက် နေလိမ့်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.