ရှောလမုန်သီချင်း
အခန်းကြီး ၈
၁ ကိုယ်တော်သည်ကျွန်မ၏မိခင်နို့ကိုစို့သောမောင်ရင်းကဲ့သို့ဖြစ်စေချင်ပါ၏။ သို့ဖြစ်လျှင်၊ ကျွန်မသည်အပြင်မှာတွေ့၍နမ်းပါလိမ့်မည်။ သူတပါးမကဲ့ရဲ့ရ။ ၂ ကိုယ်တော်ကိုလက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကိုသွန်သင်သဖြင့်ကျွန်မသည်ဆေးရောသောစပျစ်ရည်နှင့်ကျွန်မသလဲရည်ကိုကိုယ်တော်အားသောက်တော်မူပါစေမည်။ ၃ သခင်၏လက်ဝဲလက်သည်ငါ့ခေါင်းကိုထောက်မလျက်လက်ယာလက်သည်ငါ့ကိုဖက်လျက်နေတော်မူပါစေ။ ၄ ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတိုးမီးသည်အလိုလိုမနိုးမှီတိုင်အောင်မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သောသမင်ဒရယ်များကိုတိုင်တည်၍သင်တို့ကိုငါမှာထား၏။
၅ မိမိချစ်ရာသခင်၌ မြှောင်၍တောထဲကလာသောထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။ ငါသည်ရှောက်ချိုပင်အောက်မှာသင်ကိုနှိုးဆော်ခဲ့ပြီ၊ ထိုအရပ်၌ သင်၏မိခင်သည်သင်ကိုပေးစားခဲ့ပြီ၊ ထိုအရပ်၌ သင့်ကိုဖွားမြင်သောသူသည်သင့်ကိုပေးစားခဲ့ပြီ။
၆ ကျွန်မကိုကိုယ်တော်၏နှလုံးပေါ်မှာတံဆိပ်ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာတံဆိပ်ခတ်တော်မူပါ။ အကြောင်းမူကား၊ မေတ္တာသည်သေခြင်းနှင့်အမျှတန်ခိုးကြီးပါ၏။ ခင်ပွန်းကိုမယုံသောစိတ်သဘောသည်မရဏာနိုင်ငံနှင့်အမျှခက်ထန်ပါ၏။ သူ၏ အရှိန်သည်မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။ ၇ သို့ရာတွင်ရေများတို့သည်မေတ္တာကိုမသတ်နိုင်။ မြစ်ရေတို့သည်မလွှမ်းမိုးနိုင်။ လူသည်မိမိတို့အိမ်၌ ရှိသမျှသောပစ္စည်းဥစ္စာတို့ကိုမေတ္တာဘို့ပေးချင်သော်လည်းအလွန်တရားမထိမဲ့မြင်ပြုချင်ကိုခံရလိမ့်မည်။ ၈ ငါတို့၌ ညီမတယောက်ရှိ၏။ သားမြတ်မပေါ်သေး။ ထိုညီမကိုတောင်းသောအခါ၌ သူအဘို့အဘယ်သို့ပြုရပါမည်နည်း။
၉ သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးဆောက်မည်။ တံခါးဖြစ်လျှင်အာရဇ်ပျဉ်ပြားဖြင့်ခိုင်ခံ့စေမည်၊ ၁၀ ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည်ပြအိုးကဲ့သို့ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသောကျေးဇူးရှိ၏။ ၁၁ ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏စပျစ်ဥယျာဉ်တော်တစ်ဆူရှိ၏။ ဥယျာဉ်စောင်းတို့၌ ငှါးသဖြင့်သူတို့သည်အသီးကိုစားရသည့်အတွက် ငွေတစ်ထောင်စီဆက်ရကြ၏။
၁၂ ငါပိုင်တော်စပျစ်ဥယျာဉ်သည်ငါရှေ့မှာရှိ၏။ အိုရှောလမုန်၊ ငွေတစ်ထောင်ကိုကိုယ်တော်အားဆက်၍အသီးကိုစောင့်သော သူတို့သည်နှစ်ရာကိုယူရကြ၏။
၁၃ ဥယျာဉ်တို့၌ နေသောသူသင်၏စကားသံကိုသင်၏အပေါင်းအဖေါ်တို့သည်နားထောင်တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။
၁၄ အလျှင်အမြန်ကြွလာတော်မူပါငါချစ်ရာသခင်။ နံ့သာတောင်ပေါ်မှာသမင်ဒရယ်သငယ်ကဲ့သို့ပြုတော်မူပါ။
ရှောလမုန်မင်းကြီးသည်ခရစ်တော်နှင့်အသင်းတော်၏မေတ္တာကိုအကြောင်းပြု၍
စီရင်ရေးထားသောသီချင်းစာပြီး၏။