ရှောလမုန်သီချင်း
အခန်းကြီး ၆
၁ မိန်းမတကာတို့ထက်အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည်အဘယ်အရပ်သို့ကြွတော်မူသနည်း၊ အကျွန်ုပ်တို့သည် သင်နှင့်အတူသူ့ကိုရှာရမည်အကြောင်း၊ သင်ချစ်ရာသခင်သည်အဘယ်အရပ်သို့လွှဲသွားတော်မူသည်ကိုပြောပါ။ ၂ ငါချစ်ရာသခင်သည်ဥယျာဉ်၌ သစ်သီးကိုစား၍၊ နှင်းပွင့်ကိုဆွတ်ယူမည် ၊ ဟုဥယျာဉ်တော်တွင်နံ့သာတောသို့ဆင်းသွားတော်မူ၏။ ၃ ငါချစ်ရာသခင်သည်ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်းသခင်ကိုဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။ ၄ ငါချစ်သော နှမ၊ သင်သည်တိရဇမြို့ကဲ့သို့လှ၏။ ယေရုရှလင်မြို့ကဲ့သို့တင့်တယ်၏။ စစ်မျက်နှာကဲ့သို့ကြောက်မက်ဘွယ်ဖြစ်၏။ ၅ သင်၏မျက်စိတို့ကိုငါမှလွှဲပါ။ သူတို့သည်ငါ့ကိုအောင်ပြီ။ သင်၏ဆံပင်သည်လည်၊ ဂိလဒ်တောင်ပေါ်မှဆင်းလာသောဆိတ်စုကဲ့သို့ဖြစ်၏။ ၆ သင်၏သွားတို့သည်လည်း၊ ရေချိုးရာမှတက်လာသောသိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့၊ အမွှာသာ ဖွားတတ်ကြ၏။ ၇ နားပန်းဆံကြားမှာပါးတို့သည်သလဲသီးရှက်နှင့်တူကြ၏။ ၈ မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အတော်အတိုင်းမသိရှိကြ၏။ ၉ ငါ့ချိုး၊ ငါ၏စုံလင်သူသည်ငါ၌ တပါးတည်းရှိ၏။ ဖွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုးသမီးတို့သည်သူ့ကိုမြင်၍ကောင်းကြီးပေးကြ၏။ မိဖုရားများနှင့်မောင်းမမိဿံများတို့သည်ချီးမွမ်းကြ၏။
၁၀ လကဲ့သို့တင့်တယ်လျက်၊ နေကဲ့သို့ထွန်းလင်းလျက်၊ စစ်မျက်နှာကဲ့သို့ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့မျှော်ရှုသောသတို့သမီးကား၊ အဘယ်သူနည်း။
၁၁ ချိုင့်ထဲမှာသစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ်ပင်သန်သည်မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည်မပွင့်သည်ကို၎င်း၊ သိခြင်းငှါ၊ ငါပြုစုသောဥယျာဉ်သို့ငါဆင်းသွား၏။ ၁၂ သတိမရမှီငါ့ဝိညာဉ်သည်အမိနဒိပ်ရထားကိုစီးသကဲ့သို့ဖြစ်၏။
၁၃ အိုရှုလမိတ်၊ ပြန်လာပါ။ ပြန်လာပါ။ အကျွန်ုပ်တို့သည်သင့်ကိုရှုမြင်ရမည်အကြောင်း၊ ပြန်လာပါ။ ပြန်လာပါ၊
ရှုလမိတ်၌ အဘယ်သို့သောအရာကိုတွေ့မြင်ကြလိမ့်မည်နည်း။ စစ်တပ်နှစ်တပ်ကဲ့သို့တွေ့မြင်ကြပါမည်။