ရှောလမုန်သီချင်း
အခန်းကြီး ၅
၁ ငါ့နှမ၊ ငါ့ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲ့သို့ငါဝင်လာပြီ။ ငါ့မုရန်နှင့်နံ့သားမျိုးကိုခံယူပြီ။ ငါ့ပျားရည်နှင့်ပျားလပို့ကိုစားရပြီ။ ငါ့နို့နှင့် စပျစ်ရည်ကိုသောက်ရပြီ။ ငါ့အဆွေတို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြ။ ဝစွာသောက်ကြလော့။ ၂ ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာသခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည်နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည်ည၌ ကျတတ်သောနှင်းစက်များနှင့်၎င်းစိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။ ၃ ကျွန်မသည်အဝတ်ကိုချွတ်ပါပြီ။ အဘယ်ကြောင့်ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင်အဘယ်ကြောင့် ပြုရပါမည်နည်း။ ၄ ငါချစ်ရာသခင်သည်လက်တော်ကိုတံခါးပေါက်အထဲသို့သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ်အားကြီးသဖြင့်၊ ၅ ငါချစ်ရာသခင်အားတံခါးကိုဖွင့်အံ့သောငှါထသောအခါ၊ ငါ့လက်မှမုရန်ဆီ၊ ငါ့လက်ချောင်းတို့မှပကတိမုရန်ဆီသည်တံခါးကျင်တိုင်ပေါ်မှာစက်စက်ကျလေ၏။ ၆ ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော်၊ ငါချစ်ရာသခင်သည်ထွက်သွားနှင့်ပြီ။ စကားသံတော်ကိုစေ့စေ့နားထောင်လျက်၊ သခင်ကိုငါရှာသော်လည်းမတွေ့။ ခေါ်သော်လည်းထူးတော်မမူ။ ၇ မြို့တွင်လည်သောကင်းစောင့်တို့သည်ငါ့ကိုတွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည်ငါ့မျက်နှာဖုံးကိုလုယူကြ၏။ ၈ အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည်ငါချစ်ရာသခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍နာနေကြောင်းကိုကြားပြောကြပါ ၊ ဟုငါမှာထားတောင်းပန်ပါ၏။
၉ မိန်းမတကာတို့ထက်အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည်အခြားတပါးသောချစ်ရာသခင်ထက်အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကိုထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာသခင်သည်အခြားတပါးသောချစ်ရာသခင်ထက် အဘယ်သို့သာသနည်း။
၁၀ ငါချစ်ရာသခင်သည်ဖြူသောအဆင်း၊ နီသောအဆင်းနှင့်ပြည့်စုံ၍လူတသောင်းတို့တွင်အထွဋ်အမြတ်ဖြစ်တော်မူ၏။ ၁၁ ဦးခေါင်းတော်သည်ရွှေစင်နှင့်တူ၏။ ဆံပင်တော်သည်ထူထပ်၍ကျီးအဆင်းကဲ့သို့နက်၏။ ၁၂ မျက်စိတော်တို့သည် နို့၌ ချိုးလျက်မြစ်ရေပေါ်မှာပုံ့ပုံ့ကြွကြွဝပ်သောချိုးနှင့်တူကြ၏။ ၁၃ ပါးတော်တို့သည်နံ့သာတော၊ မွှေးကြိုင်သောပန်းတောကဲ့သို့၎င်း၊ နှုတ်ခမ်းတော်တို့သည်ပကတိမုရန်ဆီယိုသောနှင်းပွင့်ကဲ့သို့၎င်း၊ ဖြစ်ကြ၏။ ၁၄ လက်တော်တို့သည်မျက်ရွဲစီသော လက်စွပ်ကဲ့သို့၎င်း၊ ကိုယ်တော်သည်နီလာကျောက်ဖြင့်စီချယ်သောဆင်စွယ်ဖြူကဲ့သို့၎င်း၊ ဖြစ်၏။ ၁၅ ခြေထောက်တော်တို့သည်ရွှေစင်ဘိနပ်ပေါ်၌ တည်သောကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော်သည်လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။ ၁၆ နှုတ်တော်သည်အလွန်ချိုပေ၏။ တကိုယ်လုံး၌ ချစ်ဘွယ်သောဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည်ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း။