ရှောလမုန်သီချင်း
အခန်းကြီး ၄
၁ သင်သည်အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှ၏။ ဗျာပါဆံကြားမှာချိုးမျက်စိနှင့်ပြည့်စုံ၏။ ဆံပင်သည်လည်းဂိလဒ်တောင်ပေါ်မှဆင်းလာသောဆိတ်စုကဲ့သို့ဖြစ်ကြ၏။ ၂ သင်၏သွားတို့သည်လည်းအမွေးညှပ်၍၊ ရေချိုးရာမှတက်လာသောသိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာဖွားတတ်ကြ၏။ ၃ နှုတ်ခမ်းသည်လည်းနီတွေးသောကြိုးနှင့် တူ၏။ စကားသံလည်းသာယာပေ၏။ နားပန်းဆံကြားမှာပါးတို့သည်သလဲသီးရှက်နှင့်တူကြ၏။ ၄ လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင်တတ်သောဒိုင်းလွှားတထောင်ဆွဲထားသောလက်နက်စုံဘဏ္ဍာတိုက်တည်းဟူသောဒါဝိဒ်မင်း၏ရဲတိုက်နှင့် တူ၏။ ၅ ရင်သားနှစ်ဘက်တို့သည်နှင်းတော၌ ကျက်စားသောဒရယ်သငယ်အမွှာနှင့်တူကြ၏။ ၆ မိုးမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါသည်မုရန်တောင်နှင့်လောဗန်ကုန်းသို့သွားမည်။ ၇ ငါချစ်သောနှမ၊ သင်သည်အပြစ်တစုံတခုမျှမရှိ၊ ကိုယ်လုံးလှပေ၏။
၈ ငါနှင့်အတူလေဗနုန်တောင်ကလာပါအပယ်။ ငါနှင့်အတူလေဗနုန်တောင်ကလာပါ။ အာမနတောင်ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာတောင်များအပေါ်ကကြည့်ရှုပါ။ ၉ ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည်ငါ့နှလုံးကို လုယူပြီ။ သင်၏မျက်စိတကြည့်၊ လည်ပင်းတလှည့်ဖြင့်ငါနှလုံးကိုလုယူပြီ။ ၁၀ ငါ့နှမ၊ ငါခင်ပွန်း၊ သင်၏မေတ္တာသည် အလွန်ချိုပေ၏။ သင်၏မေတ္တာသည်စပျစ်ရည်ထက်အထူးသဖြင့်ကောင်းပေ၏။ သင်းထုံသောနံ့သာဆီသည်နံ့သာမျိုးတကာတို့ထက်အထူးသဖြင့်မွှေးကြိုင်ပေ၏။ ၁၁ ငါခင်ပွန်း၊ သင်၏နှုတ်ခမ်းသည်ပျားလပို့ကဲ့သို့ယိုတတ်၏။ လျှာအောက်မှာနို့နှင့် ပျားရည်ရှိ၏။ အဝတ်တန်ဆာသည်လည်းလေဗနုန်အမွှေးအကြိုင်ကဲ့သို့မွှေးကြိုင်လျက်ရှိ၏။ ၁၂ ငါ့နှမ၊ ငါ့ခင်ပွန်းသည်ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသောရေကန်၊ တံဆိပ်ခတ်သောရေတွင်းဖြစ်ပေ၏။ ၁၃ သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ်သောသလဲတော၊ နာဒုပင်နှင့်ရောသောဟန်ာတော၊ ၁၄ နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသောနံ့သာပင်မျိုးပါကြ၏။ ၁၅ ဥယျာဉ်များကိုရေလောင်းစရာရေကန်၊ စမ်းရေတွင်း၊ လေဗနုန်တောင်ကစီးထွက်သောမြစ်ရေလည်းပါသတည်း။
၁၆ မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့လာကြပါ။ မွှေးကြိုင်သောအနံ့သည်ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည်ဥယျာဉ်တော်သို့ဝင်၍၊ ချိုသောအသီးကိုစားတော်မူပါစေ။