ရှောလမုန်သီချင်း
အခန်းကြီး ၃
၁ ငါ့ဝိညာဉ်ချစ်သောသူကိုညအခါအိပ်ရာပေါ်မှာငါရှာ၏။ ရှာသော်လည်းမတွေ့။ ၂ ငါထမည်။ မြို့လမ်းတို့တွင်လည်မည်။ ငါ့ဝိညာဉ်ချစ်သောသူကိုလမ်းမတို့တွင်ရှာမည်ဟုဆိုလျက်ရှာသော်လည်းမတွေ့။ ၃ မြို့ကိုလည်သောကင်းစောင့်တို့သည် ငါ့ကိုတွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သောသူကိုမြင်ကြသလောဟုငါမေး၏။ ၄ သူတို့မှအနည်းငယ်လွန်ပြန်လျှင်၊ ငါ့ဝိညာဉ်ချစ်သောသူကိုတွေ့၏။ ငါသည်သူ့ကိုမလွှတ်။ အမြဲကိုင်၍ငါ့ကိုဖွားမြင်သောမိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ဆောင်ခဲ့၏။ ၅ ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည်အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကိုတိုင်တည်၍၊ သင်တို့ကိုငါမှာထား၏။ ၆ မုရန်၊ လောဗန်အစရှိသောကုန်သည်ရောင်းတတ်သောနံ့သာမှုန့်မျိုးကိုမီးရှို့၍၊ ထသောမီးခိုးတိုင်သဏ္ဍာန်ရှိလျက်၊ တောထဲကလာသောထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။ ရှောလမုန်မင်း၏ယာဉ်ပျံတော်ကိုကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုးသားသူရဲအခြွေအရံရှိကြ၏။ ၇ ထိုသူအပေါင်းတို့သည်ဓါးကိုင်လျက်၊ စစ်မှုစစ်ရေး၌ လေ့ကျက်ဝသောသူဖြစ်ကြ၏။ ၈ ညအခါစိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်းမိမိပေါင်၌ မိမိဓါးကိုမြှောင်ထားလျက်ရှိ၏။ ၉ လေဗနုန်သစ်သားဖြင့်ရှောလမုန်မင်းကြီးလုပ်တော်မူသောယာဉ်ပျံတော်ဖြစ်၏။ ၁၀ ကွန်းစင်တိုင်တို့ကိုငွေဖြင့်၎င်း၊ အောက်ပိုင်းကိုရွှေဖြင့်၎င်း၊ ထိုင်ရန်ဖုံကိုနီမောင်းသောကမ္ပလာဖြင့်၎င်းပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီးတို့သည်မေတ္တာနှင့်ချယ်လှယ်ကြပြီ။
၁၁ ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင်သောနေ့၊ နှလုံးသားတော်ရွှင်လန်းသောနေ့၌ မယ်တော်တင်သောဦးရစ်သရဖူကိုဆောင်းတော်မူသောရှောလမုန်မင်းကြီးကိုသွား၍ဖူးမြင်ကြလော့။