ဒေသနာကျမ်း
အခန်းကြီး ၁၁
၁ သင်၏အစာကို ရေပေါ်မှာ ပစ်ချလော့။ ကာလကြာမြင့်မှ တဖန်တွေ့လေဦးမည်။
၂ လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှလော့။ မြေပေါ်မှာ အဘယ်အမှုရောက်မည်ကို သင်မသိ။
၃ မိုးတိမ်တို့သည် မိုးရေနှင့်ပြည့်သောအခါ မြေပေါ်မှာ ရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်ဘက်သို့ လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
၄ လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုးတိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ်ရာ။
၅ ဝိညာဉ်
(a) သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင်သော မိန်းမဝမ်း၌ အရိုးတို့သည် အဘယ်သို့ တိုးပွါးသည်ကို၎င်း၊ မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ အမှုတော်တို့ကို မသိနိုင်။
၆ နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်းမကြဲဘဲ မနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာသည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှ အကျိုးရှိမည်ကို၎င်း မသိနိုင်။
၇ အကယ်စင်စစ် အလင်းသည်ချို၏။ နေရောင်ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။ ၈ သို့ရာတွင်၊ လူသည် အသက်တာရှည်၍ အစဉ်ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တ သက်သက်ဖြစ်ကြ၏။ ၉ အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့၊ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသောလမ်းကို လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင် စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည်၊ ဟုအောက်မေ့လော့။ ၁၀ သို့ဖြစ်၍၊ စိတ်ညိုးငယ်ခြင်း အကြောင်းနှင့်၊ ကိုယ်ဆင်းရဲခြင်း အကြောင်းကို ပယ်ရှားလော့။ အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။
_________________________
Footnotes
၅ (a) ဟေဗြဲစကား הָר֔וּחַ အင်္ဂလိပ်အသံထွက် hā·rū·aḥ သည်အဓိပ္ပါယ်သုံးမျိုးရှိသည်။ ၎င်းတို့မှာ "ဝိညာဉ်" "လေ" နှင့် "အသက်"တို့ဖြစ်သည်။ ထို့ကြောင့်အထက်ပါ ကျမ်းပိုဒ်ရှိစကားလုံးကို အင်္ဂလိပ်ကျမ်းစာအုပ်များ၌ "ဝိညာဉ်" အစား "လေ" ဟုဘာသာပြန်ကြသည်။